ကျပ်ငွေတန်ဖိုး ထိုးကျမှု၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ထားဝယ်စျေးကွက်တွင် ယခုရက်ပိုင်းအတွင်း စားသောက်ကုန်များ စျေးတက်နေပြီး ပစ္စည်းပြတ်လပ်မှုများလည်းရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
မေလ ၃၀ရက်တွင် ယိုးဒယား ပုစွန်ဆီတစ်လီတာတစ်ဘူး ကျပ်ကိုးရာ စျေးတက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်ခုနစ်ထောင် စျေးတက်လာကြောင်း ထားဝယ်မြို့ရှိ စားသောက်ကုန်စည် လက်လီ၊ လက်ကားရောင်းဝယ်ကြသူများက ပြောသည်။
ယခင်အပတ်က ယိုးဒယား ပုစွန်ဆီတစ်လီတာလျှင် ၅၇၀၀ ကျပ် စျေးရှိပြီး မေလ ၃၀ ရက်မှစတင်ပြီး ၆၆၀၀ကျပ် စျေးဖြစ်သွားသည်။
ထို့အတူ ယိုးဒယား ပဲဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၆၁၀၀ ကျပ်သာ စျေးရှိရာမှ မေလ ၃၀ ရက်နေ့ကစပြီး ၇၀၀၀ကျပ် ဖြစ်သွားသည်။
“အဓိက (ထိုင်းဘတ်) ငွေလွှဲဈေးတက်တော့ ပစ္စည်းတွေပါ လိုက်ပါတက်ရတဲ့ သဘောရှိတယ်” ဟု ထားဝယ်မြို့ရှိ စားသောက်ကုန် လက်လီ/လက်ကား ဖြန့်ချီ ရောင်းချသူတစ်ဦးက ပြောသည်။
ကျပ်ငွေတန်ဖိုးထိုးကျနေသဖြင့် မေလ ၃၁ ရက်က ထားဝယ်ဈေးကွက်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဆယ်ပိဿာဝင် စားအုန်းဆီ ကော်ပုံးဝါ တစ်ပုံးလျှင် ကျပ် နှစ်သောင်းခွဲ စျေးတက်သွားကြောင်း စျေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့် ပတ်သက် ကျပ် ၈၅,၀၀၀ စျေးရှိရာမှ ကျပ် ၁၁၀,၀၀၀ အထိ မြင့်တက်သွားခြင်းဖြစ်ကာ ယနေ့ ဇွန်လ ၁ရက်တွင် ဈေးကွက် အတွင်း ပစ္စည်းပြတ်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ထားဝယ်-ရန်ကုန် ကားလမ်းပေါ်ရှိ တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီးနောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ကုန်တင်ကားများ သွားလာနိုင်ခြင်းမရှိသဖြင့်လည်း ထားဝယ်စျေးကွက်တွင် ကုန်ပစ္စည်းများ ပြတ်လပ်ကာ စျေးတက်နေသည်။
ထို့ကြောင့် ရန်ကုန်မြို့မှတစ်ဆင့် ဝယ်ယူတင်သွင်းရသည့် ဆန်အပါဝင် ငရုတ်သီး၊ ကြက်သွန်၊ ခြောက်ဆွဲခြောက်၊ ကော်ဖီ စသည့် စားသောက်ကုန်ပစ္စည်းများလည်း ဈေးမြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။
“စားသုံးကုန်စည် တင်(ဆောင်)ခ (စျေး) ထပ်တက်သွားတယ်။ ကြားမှာ ပျက်စီးဆုံးရှုံးမှုလည်းရှိတယ်။ ပြီးတော့ ဂျုံမုန့်တွေ ဆိုရင်လည်း ကုန်ကြမ်းပစ္စည်းဈေးတက်လို့ ဈေးတက်တာပဲ။ အဓိက အေးချမ်းဖို့ပဲလိုတယ်။ ဒါမှမဟုတ်ရင် ပြည်သူပဲ ခံနေရတယ်လေ” ဟု ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
ထားဝယ်တွင် အခြေခံလူတန်းစားများ စားသုံးသည့် အကယ်ဒမီ အစိမ်းရောင်တံဆိပ် ဆန်တစ်အိတ်လျှင် ယခင်ပတ်က ၁၅၃,၀၀၀ ကျပ်မှစျေးရှိရာမှယနေ့တွင် ၁၆၀,၀၀၀ ကျပ်၊ ဆန်ကြမ်း အကယ်ဒမီတစ်အိတ်လျှင် ၁၁၄,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။
တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ် ၁၀၀၀ မှ ၇၀၀၀ အထိ ဈေးတက်သွားသည်။
ထို့အတူ ကြက်သွန်ဖြူတစ်ပိဿာလျှင် ယခင်အပတ်က ၁၂၀၀၀ ကျပ်စျေးရှိရာမှ ယနေ့တွင် ၁၂၅၀၀ ကျပ်၊ ရွှေအပ် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁ဝ၅၀၀ ကျပ်မှ ၁၁၀၀၀ကျပ်၊ ဆန်းဒေး ကော်ဖီမစ်တစ်ထုတ် ၃၃၀ ကျပ်မှ ၄၀၀ကျပ်၊ ကြက်ဥတစ်လုံး ၃၀၀ကျပ်မှ ၄၀၀ကျပ်အထိ ဈေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။