BREAKING
October 19, 2024

စစ်ဘေးရှောင်တစ်ဦးနှင့် တော်လှန်ရေးရန်ပုံငွေ ထီထိုးသူတစ်ဦးတို့ ထိုင်းထီ ဘတ် ၆ သန်းစီပေါက်

June 1, 2024

ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်လိုက်သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သည့် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားနှစ်ဦးက ကံထူးခဲ့သွားကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၅၃၀၅၉၃ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားနှစ်ဦးက သီးခြားစီပေါက်ကြခြင်းဖြစ်သည်။

ပထမတစ်ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မကြာသေးမီက ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးဖြစ်ပြီး ပြည်တွင်းစစ်ပွဲများကြောင့် ရှောင်ပြေးလာသော စစ်ဘေးရှောင်များဖြစ်ကြကြောင်း အဖွဲ့ထံမှ သိရသည်။

ပထမဆုထီလက်မှတ်ကို ယနေ့ ထီဖွင့်ခါနီး ညနေပိုင်းတွင်မှ လျော့ဈေး ဘတ် ၈၀ ဖြင့် လာရောက်ရောင်းချခဲ့သဖြင့် မောင်နှမနှစ်ဦးက ဝယ်ယူထားခဲ့ရာမှ ဘတ် ၆ သန်းပေါက်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ထီပေါက်ပြီးနောက် ဆုငွေထုတ်ယူနိုင်ရန် AAC မဟာမိတ်အဖွဲ့ထံသို့ လာရောက်အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ဒုတိယတစ်ဦးမှာ မြန်မာနိုင်ငံ တော်လှန်ရေးရန်ပုံငွေအတွက် ထီလက်မှတ်များ အွန်လိုင်းက ရောင်းချရာတွင် ဝယ်ယူအားပေးခဲ့သော ပြည်တွင်းနေ ပြည်သူတစ်ဦးကလည်း ဘတ် ၆ သန်းပေါက်ခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။

“တော်လှန်ရေးအတွက် ရန်ပုံငွေရှာရင်း ထီတွေ အွန်လိုင်းကနေရောင်းပေးနေတာ။ အဲဒါ ပေါက်ရင်လဲယူ မပေါက်ရင်လဲ လှူပေါ့ဗျာ။ အဲဒါနဲ့ သူက ဘတ် ၆ သန်းဆုကို ပေါက်သွားတာပဲ။ နောက်တစ်ဦးက အခုမှလာတဲ့ ထိုင်းတောင်ပိုင်းက စစ်ရှောင်ကလေးတွေ။ ထီဖွင့်ခါနီးမှ လျှော့ဈေးနဲ့ရလို့ ဝယ်လိုက်ရင်း ပေါက်ကြတာပဲ။ ဒီတစ်ပတ် တော်တော်ထူးခြားတယ်ပြောရမယ်” ဟု AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးလှခိုင်က ဆိုသည်။

ဘတ် ၆ သန်းဆုပေါက်ကြသော မြန်မာနိုင်ငံသားများအတွက် ဆုကြေးငွေထုတ်ပေးရန် အကူအညီတောင်းထားသဖြင့် AAC မဟာမိတ်အဖွဲ့က ကူညီထုတ်ယူပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သော မေလကလည်း မဟာချိုင်ဒေသက ထားဝယ်ဒေသခံ အပျိုကြီး သူငယ်ချင်းနှစ်ဦးက ပထမဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ခဲ့သကဲ့သို့ ဧပြီလက စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံကလည်း ဘတ် ၆ သန်းပေါက်ခဲ့သေးသည်။