တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင် တပ်ရင်း-၂ ထံ လက်နက်ဖြင့် ဘက်ပြောင်းခိုလှုံလာသည့် ပျူစောထီးတစ်ဦးကို ထောက်ပံ့ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း အထက်ပါ တပ်ရင်းထံမှ သိရသည်။
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ ၅၆၁ တပ်ရင်းအောက်တွင် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းကပင် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ပြီး ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင်၊တပ်ရင်း-၂ မှ ရဲဘော်တစ်ဦးက ပြောသည်။
လုံခြုံရေးအခြေအနေအရ ဘက်ပြောင်းခိုလှုံလာသည့်အကြောင်းကို ဇွန်လ ၁ရက်နေ့မှသာ တရားဝင်ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပြီး အချက်အလက် အသေးစိတ်ကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
အထက်ပါ ပျူစောထီး ဘက်ပြောင်းခိုလှုံလာရာတွင် AK မောင်းပြန်ရိုင်ဖယ် ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် ၁၁၈ တောင့်ကို ပါယူဆောင်လာကြောင်း မြိတ်ခရိုင် တပ်ရင်း-၂ က ထုတ်ပြန်ထားသည်။
“သူဘက်က အရင်ချိတ်ဆက်ပြီး အလင်းဝင်တာမျိုးပါ။ သူက ညောင်ပင်ကွင်းရွာရဲ့ ခမရ ၅၆၁ တပ်ရင်းနားက စစ်ဆေးရေး တံတားဂိတ်မှာ တာဝန်ကျတဲ့အချိန်မှာ သူမလုပ်လိုတော့တဲ့အကြောင်းပြောပြီး ကျွန်တော်တို့ကို ဆက်သွယ်တော့ သွားကြိုပေးခဲ့တာ” ဟု မြိတ်ခရိုင်တပ်ရင်း- ၂ ၏ ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုးက ပြောသည်။
လက်ရှိတွင် အဆိုပါပျူစောထီးအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာထားရှိကြောင်း မြိတ်ခရိုင်၊တပ်ရင်း-၂ က ထုတ်ပြန်ထားသည်။