BREAKING
September 7, 2024

ထားဝယ် မြို့ပေါ်ကျောင်း အပ်ရခက်နေသည့် မိဘများ၏အပူ

June 1, 2024

တနင်္သာရီတိုင်းထဲတွင် စခန်းသိမ်းတိုက်ပွဲများဖြင့် စစ်ရေးပိုမိုပြင်းထန်လာသည်။ ထားဝယ်ခရိုင်ထဲက မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားမှု၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုအပြင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခြင်း စသည် တို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးမှု မြင့်တက်နေသည်။ အထူးသဖြင့် သရက်ချောင်းမြို့နယ်တွင် ဖြစ်သည်။

ယင်းသို့အခြေအနေတွင် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်တော့သလို ကျေးရွာတွင် နေထိုင်သူတို့မှာလည်း လုံခြုံရေး၊ သားသမီး ပညာရေး စသည်တို့အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့မှု များလာသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ရွာတွင် စာသင်ကျောင်း မဖွင့်သဖြင့် မြို့ကျောင်းပိုသူ အရေအတွက်မှာလည်း ပိုတိုးလာခဲ့သည်။

မြို့ပေါ်သို့ ပြောင်းရွှေ့လာပြီးနောက် သားသမီးပညာရေးအတွက် ထင်သလောက် မလွယ်ကူ။ ပြီးခဲ့သည့်နှစ်ကပင် ထားဝယ်မြို့တွင် နယ်မှ ကျောင်းပြောင်းလာသူများသဖြင့် အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းသားဦးရေ သတ်မှတ်ပြည့်နေပြီဖြစ်ရာ ယခုပညာသင်နှစ်တွင် ထပ်တိုးပြောင်းရွှေ့လာသည့် ကျောင်းသား၊ ကျောင်းသူများအဖို့ ကျောင်းအပ်မရတော့သည့် အခြေအနေမျိုးနှင့် ကြုံလာရသည်။

ယခုပညာသင်နှစ်သင်တွင် ထားဝယ်မြို့ပေါ်က ကျောင်းအပ်သူ များပြားလွန်းပြီး လက်ခံနိုင်သည့် ဦးရေကျော်လွန်သွားသဖြင့် ကျောင်းအပ်လက်ခံခြင်းကို ရပ်နားလိုက်သည် အထိပင်ဖြစ်သည်။

အပ်၍ ရသည့် ကျောင်းမှာလည်းနေထိုင်ရာနှင့် အနီးဝန်းကျင်တွင် မဟုတ်ဘဲ ဝေးကွာလွန်းသည့် နေရာတွင်သာ ရရှိခြင်း ကြောင့် သွားလာရေးခက်ခဲမှုနှင့် ကြုံနေရသည်။ နာမည်ကြီးကျောင်းများတွင် အပ်၍ မရတော့ခြင်း၊ ပုဂ္ဂလိက ကျောင်းများ တွင် အပ်မရတော့ခြင်း စသည်တို့လည်း ကြုံတွေ့နေရသည်။ ကျောင်းသားမိဘများအတွက် ကျောင်းအပ်၍ ရသည့် အနီးဝန်းကျင်တွင် နေအိမ်အခန်း ရှာရခက်ခဲသဖြင့် ရသည့်နေရာတွင် နေထိုင်ကြရခြင်းတို့ကြောင့် ကျောင်းကြိုပို့ မလုပ်ရသော နီးစပ်ရာကျောင်းများတွင်သာ အပ်နှံလိုကြသည်။

ထို့သို့ ကျောင်းသားမိဘများ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနိုင်စေရန် ယခုတစ်ပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ကျွန်မဆို သွားနေတာ လေးကျောင်းရှိပြီ။ အခုထိမရသေးဘူး”

ဒေါ်ဆန်းမေ (သရက်ချောင်းမြို့နယ်က မူလတန်းကျောင်းသားမိခင်)

DW ။ ထားဝယ်မြို့ပေါ်က ကျောင်းတွေမှာ ကျောင်းအပ်ရတာ အခက်အခဲ ရှိနေတယ်ကြားရတယ်။ ဘယ်လိုကြုံနေရလဲ။

ဖြေ ။ ဟုတ်တယ်။ ကျောင်းအပ်ရတာ အရမ်းခက်တယ်။ ရွာက အခုမှတက်လာတာ ကျွန်မတို့က။ အဲဒါကြောင့် ခက်တာ။ လူဟောင်းတွေကတော့ သူတို့နေတဲ့ကျောင်းမှာပဲ အပ်လို့ရတာဆိုတော့ အဆင်ပြေတယ်။ ကျွန်မတို့ပဲ ကျောင်းမရသေးတာ။ ကျွန်မဆိုသွားနေတာ လေးကျောင်းရှိပြီ။ အခုထိ မရသေးဘူး။ ပုဂ္ဂလိက ကျောင်းတစ်ခုကတော့ ‌တစ်ရက်နှစ်ရက်နေရင် ဖုန်းပြန်ဆက်ပေးမယ်ပြောတယ်။ အခုအဲဒါပဲ စောင့်နေတာ။ အဲဒါမရရင်တော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး။

DW ။ ဘာဖြစ်လို့ ကျောင်းအပ်ရခက်နေတာလဲ။

ဖြေ ။ လူပြည့်သွားပြီပဲ ပြောတယ်။ ကျောင်းအပ်နောက်ကျလို့ ဖြစ်မှာပေါ့။ လူတိုင်းက ဒီမှာ (မြို့ပေါ်ကျောင်းမှာ) ပဲ လာထားနေကြတာများတယ်လေ။ ကျွန်မတို့ရွာမှာဆို လူမရှိတော့ဘူး။ ပြေးနေရတာကို။ ပြေးရင်းနဲ့ ဒီမှာနေမှာဆိုတော့ သားသမီးတွေကိုလည်း ဒီမှာပဲကျောင်းအပ်လိုက်ကြတာပေါ့။

DW ။ ကလေးက ဘယ်အရွယ်ရှိပြီးလဲ။ ဘယ်အတန်းကိုအပ်မှာပဲ။

ဖြေ ။ အခုက ဒုတိယတန်းအပ်ရမှာရှင့်။ ရွာမှာတုန်းကတော့ (ရွာကျူရှင်တွင်) သူက သုံးတန်း (တတိယတန်း) ရောက်နေပြီ။ ဒီနှစ်ဆိုရင် လေးတန်း (စတုတ္ထတန်း) ပေါ့။ ‌ဒီမှာကျတော့ ဒုတိယတန်းပဲ အပ်ရမယ်လို့ ပြောတယ်။ ကျောင်းထွက် လက်မှတ်မှာက ဒုတိယတန်းပဲ ဖြစ်နေလို့တဲ့။

DW ။ ကျောင်းမအပ်ရရင် ဘယ်လိုလုပ်မလဲ။

ဖြေ ။ ဘယ်လိုလုပ်မလဲ ကျွန်မလည်း မသိတော့ဘူး။ ဒီမှာက အသိလည်း သိပ်မရှိတော့ ကျွန်မလည်း သိပ်မလုပ်တတ်ဘူး။ ကျောင်းတွေကိုတောင်မှ ကျွန်မသွားတတ်တာ မဟုတ်ဘူး။ သုံးဘီးမောင်းတဲ့ ဦးလေးက သူလိုက်ပို့ပေးနေလို့သာ ကျွန်မသွားနေရတာ။ သူပဲ အစစအရာရာ ကူညီပေးနေတာ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဒီနှစ် မအပ်ရရင် နောက်နှစ်လည်း အပ်မရဘဲဖြစ်နေမှာပဲ ကြောက်တာ။ ဒီနှစ်ပဲ မရတာဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ကျူရှင်ထားပြီး စာသင်ခိုင်းထားလို့တော့ ရတယ်။ ဒါပေမဲ့ အတန်းက ဒီအတန်းက ဒီအတန်းပဲဖြစ်နေမှာ။ သားက အခုကို ဒုတိယတန်း စာသင်ရမှာ ပျင်းတယ်လို့ပြောနေပြီ။

DW ။ ကျေးဇူးတင်ပါတယ်။

“ကျောင်းတက်ရဖို့ကို မိဘတွေမှာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ မိဘတွေပဲ အသိဆုံးရှင့်”

မူလတန်းကျောင်းသား မိခင်တစ်ဦး (လောင်းလုံးဒေသခံ)

DW ။ ထားဝယ်မြို့ပေါ် ကျောင်းတွေမှာ ကျောင်းအပ်ရတာ အခက်အခဲရှိနေတယ်ကြားရတယ်။ ဘယ်လိုကြုံနေရလဲ။

ဖြေ ။ အစကတော့ ကျောင်းရှာ မရဘူး။ အစိုးရကျောင်းတွေမှာ မရတော့ ကိုယ်ပိုင်ကျောင်းတွေမှာ လိုက်မေး၊ လိုက်စမ်း ရတယ်။ အဲဒီမှာ ကျွန်မနဲ့ ရင်းနှီးတဲ့သူတစ်ယောက်က ပြောပေးလို့ (—) ကိုယ်ပိုင်ကျောင်းမှာ ရသွားတယ်။ အခုအဲဒီမှာ အပ်ထားတယ်။

DW ။ ကျောင်းရှာမရဘူးဆိုတာက ဘယ်လိုရှာမရတာလဲ။

ဖြေ ။ ကျွန်မတို့က ထ ၆ (မြောင်းပုလဲ အကထ ၆) နဲ့ နီးတယ်။ အဲဒီမှာသွားအပ်တာပေါ့။ အဲဒီမှာမရဘူး။ အဲဒီမှာက မြို့သစ်ထဲကို ပြောင်းလာတဲ့သူတွေက အဲဒီကျောင်းမှာပဲ အပ်ကြလို့ ပြည့်နေပြီ။ ကျွန်မလာတာလည်း နောက်ကျသွားတယ်။ သူများတွေ အပ်ပြီးချိန်မှ အပ်ရသလိုဖြစ်‌သွားတာ။ မြို့သစ်ထဲမှာကလည်း လူတွေ အများကြီးပဲ။ လောင်းလုံးဘက်က ပြောင်းလာတဲ့သူတွေနဲ့ သရက်ချောင်းဘက်က ရငဲ၊ ကနက်သီရိ (ကျေးရွာ) က သူတွေနဲ့။ တခြားကျောင်းတွေမှာ အပ်မယ်ဆိုရင် ရတော့ရတယ်။ သွားရလာရမှာ ဝေးတယ်။ ကျောင်းကြိုပို့ လုပ်နေဖို့ကလည်း လူမရှိဘူး။ တစ်ယောက်တည်း စက်ဘီးနဲ့ လွှတ်မယ်ဆိုလည်း သူက မသွားတတ်ဘူလေ။ ငယ်သေးတာလည်းပါတယ်။ သွားလို့လည်း မတတ်ဘူး သူက။ ကိုယ်ပိုင်ကျောင်းမှာဆို ကြိုပို့ကားရှိတယ်။ အဲဒီမှာပဲ အဆင်ပြေတယ် သူ့အတွက်က။

DW ။ ကိုယ်ပိုင်ကျောင်းမှာရော အပ်တဲ့သူတွေများလား။

ဖြေ ။ များတယ်။ ကျွန်မကို ပြောပေးတဲ့သူရှိလို့ ရတာ။ များတာကတော့ ကျောင်းတိုင်းပဲ များတယ်။ ကိုယ်ပိုင်ကျောင်းတွေက သူ့လူနဲ့သူ ပြည့်နေတာက များတယ်။ ဒီနှစ်ထပ်တိုးခေါ်တဲ့ နည်းနည်းပဲ ရတော့တာ။

DW ။ ဘာဖြစ်လို့ မြို့မှာ ကျောင်းထားဖို့ ဆုံးဖြတ်ဖြစ်သွားတာလဲ။

ဖြေ ။ သူများတွေလည်း မြို့မှာထားနေကြတယ်ဆိုတော့ ကျွန်မလည်းထားချင်တာပေါ့နော်။ သူ့အဖေကလည်း ပိုက်ဆံကုန်ချင်ကုန် သူ့သားကို ကျောင်းနေစေချင်တယ်။ ရွာမှာကလည်း ကျောင်းမဖွင့်ဘူးလေ။ ဖွင့်တဲ့နေရာမှာ ထားရတာပေါ့။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်မကတော့ ရွာတွေမှာ ကျောင်းဖွင့်ရ‌ စေချင်ပြီ။ အဲဒါ စကစကို ကျွန်မထောက်ခံပြောတာ မဟုတ်ဘူး။ ကျောင်းတက်ရဖို့ကို မိဘတွေမှာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ မိဘတွေပဲ အသိဆုံးရှင့်။ နေဖို့နေရာကအစ ရှာရတာ ပင်ပန်းတယ်။ ပိုက်ဆံလည်း တအားကိုကုန်တာ၊ တစ်နှစ်ဆိုရင်။ လူတစ်ယောက်ဒိုင်ခံ နေပေးနေရတယ်။ အရမ်းကို ခက်ခဲတယ်၊ စာသင်ရဖို့ရလေ။ ကျွန်မတော့ အခုနားပြောသလိုပေါ့ ကျောင်းတွေဖွင့်ရစေချင်တဲ့ စိတ်ဖြစ်မိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“လူပြည့်သွားလို့ မအပ်ရဘူး”

မောင်မယ်ရှောင်ဒေသခံတစ်ဦး

DW ။ စစ်ရေးအခြေအနေအရ ထားဝယ်ကို ပြောင်းလာနေတယ်ဆိုတော့ ကလေးကျောင်းအပ်ရတာ ဘယ်လိုအခြေနေရှိလဲ။

ဖြေ ။ လက်မခံတော့ဘူး။ ဝဲကျွန်း ကျောင်းနဲ့တွဲထားတယ်ပြောတယ်။ ဒါပေမဲ့ လူပြည့်သွားလို့ မအပ်ရဘူး။

‌DW ။ ကလေးက အခုမှ ကျောင်းစနေမှာလား။ အသက်ဘယ်လောက်ရှိပြီလဲ။

ဖြေ ။ မဟုတ်ဘူး။ မောင်မယ်ရှောင် (ရွာ) မှာ နေလာတာ ဒုတိယတန်းအထိ။ ကိုဗစ်နဲ့ နိုင်ငံရေးဖြစ်တော့ ဘုန်းကြီးကျောင်းမှာ နေလိုက်ရတယ်။ဘုန်းကြီးစာလည်း သင်ရင်းပေါ့။ အခုဆိုအသက် ၁၁ နှစ်ရှိပြီ။

DW ။ ကလေးအခြေအနေ ဘယ်လို့ရှိလဲ။ ဥပမာ ကျောင်းနေချင်တာမျိုးပေါ့။

ဖြေ ။ ကလေးက ကျောင်းနေချင်တယ်။ ဒီလို လူပြည့်သွားတယ်ဆိုပြောတော့ သူက ရတယ်တဲ့၊ ဘုန်းကြီးကျောင်းမှာပဲ ပြန်သွားနေမယ်တဲ့ အဲဒီလိုပြောတယ်။

DW ။ လက်ရှိ ဘုန်းကြီးကျောင်းမှာ သွားထားတာလား။

ဖြေ ။ ထားလို့မရသေးဘူး။ လက်နက်ကြီးတွေက နေ့စဉ်နီးပါးပစ်နေတာ။ ဘုန်းကြီးတောင် ဆွမ်းခံမစားရတဲ့အခြေအနေ ရှိနေတာ။

DW ။ ဒါဆိုရင် ကလေးပညာရေးအတွက် ဘယ်လိုစဉ်းစားထားလဲ။

ဖြေ ။ အဲဒါပဲ စိတ်ညစ်နေရတယ်။ သူလည်း ကျောင်းနေချင်တယ်။ သူ့ကိုလည်း ကျောင်းထားချင်တယ်။ ရပ်ကွက် ကျောင်းလေးဖြစ်ဖြစ် ရအောင်တော့ထားမယ်လို့ တော့ စီစဉ်ထားတယ်။

“ငါတို့ကတော့ ကျောင်းလာအပ်တဲ့ကလေး ကျောင်းမနေရဘူးဆိုတာ မဖြစ်စေရဘူး”

ဦးဝင်းနောင် (တနင်္သာရီတိုင်းပညာရေးမှူး)

DW ။ ထားဝယ်မြို့ပေါ်မှာ ကျောင်းအပ်တဲ့သူများလို့ တချို့ကျောင်းတွေ ကျောင်းအပ်တာ လက်မခံတော့ဘူးလို့ကြားရတယ်။ ဘယ်လိုအခြေအနေရှိလဲ ပြောပြပေးပါ။

ဖြေ ။ ဟုတ်တယ်။ လက်ခံလို့ မနိုင်တဲ့ကျောင်းကတော့ ရပ်ထားတယ်။ လက်ခံနိုင်တဲ့ကျောင်းတွေကို ဆက်ဖွင့်ထားပေးတယ်။ အမှတ် ၁ ကျောင်းဆိုရင် သုံးထောင်ကျော်တော့မယ်။ သူ့အခန်းအနေအထား၊ ဝန်ထမ်းအင်အားအနေထားနဲ့ဆိုရင် နောက်ထပ်လက်ခံဖို့ မရှိတော့ဘူး။ အခန်းတစ်ခန်းကို ကျောင်းသား ၈၀ လောက်ဖြစ်လာပြီဆိုရင် စာသင်လို့ မရတော့ဘူးလေ။ အဲ‌ဒီတော့ အမှတ် ၁ ကို နားထားလိုက်တယ်။ အထက ၃ မှာ တစ်ထောင်လောက်ပဲ ရှိသေးတယ်။ ဒီဘက်ကျောင်းက ရပ်လိုက်ရင်တော့ ဟိုဘက်ကျောင်းကို သွားအပ်လို့ရတယ်။

DW ။ အခုဆိုရင် ကျောင်းအပ်လက်မခံတော့တဲ့ ကျောင်းဘယ်လောက်ရှိလဲ။

ဖြေ ။ ကျောင်းသားပြည့်သွားလို့ လက်မခံတော့တာက နှစ်ကျောင်း၊ သုံးကျောင်းပဲရှိတယ်။ အဲဒီကျောင်းတွေတော့ လက်မခံတော့ဘူးဆိုတာ ဟုတ်တယ်။ ကျန်တဲ့ မပြည့်တဲ့ကျောင်းတွေမှာ ဆက်လက်ခံပေးနေတယ်။ ဥပမာ အထက ၆ မှာဆိုရင် မူလတန်းတွေ ပြည့်နေပြီ။ လက်ခံပေးလို့ရသေးတဲ့ အတန်းတွေ‌ဆိုရင် ဆက်ပြီး လက်ခံခိုင်းထားတယ်။ လက်မခံနိုင်တဲ့ အတန်းကျတော့ ပိတ်ထားလိုက်တာပေါ့။

DW ။ မြို့ပေါ်‌ကျောင်းတွေမှာ ကျောင်းအပ်နှုန်းတွေ အရမ်းများလာတာ ဘာကြောင့်ဖြစ်မလဲ။

ဖြေ ။ အဲဒါက နယ်ကကျောင်းတွေ အခြေအနေကြောင့်ပေါ့။ နယ်မှာဘာတွေဖြစ်နေတယ်ဆိုတာ မင်တို့လည်းကြားမှာပေါ့။ နယ်မှာ စာသင်ရတာ အခက်အခဲရှိတဲ့အခါကျတော့ မြို့ပေါ်ရောက်လာကြတာပေါ့။ ဒီနှစ်မှာ ပိုများလာတော့ပေါ့။ နယ်တွေမှာ ‌ကျောင်းဖွင့်ဖို့ ကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေပြောနေလဲ‌ဆိုတာ တစ်ချက်နားထောင်လိုက်ပေါ့။ အဲဒါဆိုရင် မြို့ပေါ်မှာ ဘာလို့ ကျောင်းအပ်တဲ့သူများနေရလဲ‌ဆိုတဲ့ အဖြေကိုရမှာပေါ့။

DW ။ တကယ်လို့ မြို့ပေါ်ကကျောင်းတွေ အကုန်လုံးက လက်မခံနိုင်ဘူးဆိုတဲ့ အနေအထားဆိုရင် ဘယ်လိုဆက်လို့ဖို့ရှိမလဲ။

ဖြေ ။ ငါတို့ကတော့ ကျောင်းလာအပ်တဲ့ကလေး ကျောင်းမနေရဘူးဆိုတာ မဖြစ်စေရဘူး။ စာမသင်ရဘူးဆိုတာ မဖြစ်စေရဘူး။ အခုနားက မေးသလို မြို့ပေါ်ကျောင်းတွေ အားလုံးလက်မခံနိုင်တော့ဘူးဆိုရင် နောက်ထပ်နည်းလမ်းရှာရမှာပေါ့။

DW ။ ဘယ်လိုနည်းလမ်း ဖြစ်မလဲ။

ဖြေ ။ အဲဒါကတော့ ပြောလို့မဖြစ်သေးဘူး။ ကိုယ့်ဘာသာတော့ အစီအမံတွေချထားတာရှိတယ်။ သေချာတာကတော့ ကျောင်းလာအပ်ရဲ့သားနဲ့ ကျောင်းမနေရဘူးဆိုတာကိုတော့ အဖြစ်မခံဘူး။ အခုက ကျောင်းတွေမှာ လူပြည့်လို့ ကျောင်းအပ် လက်မခံတော့တာ မဟုတ်ဘူး။ မိဘတွေက ပြည့်တဲ့ကျောင်းတွေမှာ လိုက်အပ်နေကြတာ။ ငါတို့ကကျတော့ ကျောင်းလာအပ် တာကို ဒီအတိုင်းလက်ခံပေးလိုက်လို့ရတယ်။ ဒါပေမဲ့ စာတတ်အောင်သင်ရဦးမှာလေ။ စည်းကမ်းရှိဖို့ ထိန်းရဦးမှာလေ။ လူတွေ အများကြီးနဲ့ဆိုရင် ဘောလုံးကွင်းထဲမှာ သွားသင်နေလို့ရတာမျိုးလည်း မဟုတ်ဘူးလေ။ ဥပမာပြောမယ်‌ဆိုရင် အထက ၃ ဆိုတာ အထက ၁ နဲ့ကပ်နေတာ။ အဲဒီမှာ ကျောင်သား ၂၀၀၀ လောက်လက်ခံနိုင်တယ်။ အခု ၁၀၀၀ လောက်ပဲ ရှိသေးတယ်။ အထက ၂ သည် ကျောင်းသား ၁၀၀၀ လောက် ဝင်တယ်။ အခုမှ ၆၀၀ လောက်ပဲရှိသေးတယ်။ မပြည့်သေးတဲ့ ကျောင်းမှာသွားအပ်ကြ။ ပြောချင်တာက။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျောင်းအပ်ရာသီကုန်သွားလို့ ကျောင်းအပ်ဖို့ အခက်အခဲရှိတဲ့သူတွေ ရှိနေသေးတယ်ဆိုရင် တို့နည်းလမ်းအသစ်ရှာပြီး လုပ်ပေးဖို့ရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။