BREAKING
January 10, 2025

ကံပေါက်-နဘုလယ်လမ်း ဖြတ်တောက်ခံရ၍ ကျေးရွာ သုံးရွာထက်မနည်း လူမှုစီးပွားထိခိုက်

May 1, 2024

ပုံစာ - ဧပြီလ ၂၉ ရက်တွင် စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးဖြတ်တောက်သွားသည့်ဇာဒီ-ခေါင်ပြန်လမ်းပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်တိုက်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပိတ်ဆို့လိုက်သဖြင့် ‌ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရှိ ဒေသခံများ၏ လူမှုစီးပွားထိခိုက်ကြောင်း ဒေသခံတို့က ပြောသည်။

လမ်းပိုင်းဖြတ်တောက်ခံရသည့် ဇာဒီကျေးရွာအုပ်စုနှင့် ပရဒတ်ကျေးရွာအုပ်စုအကြားရှိ ခေါင်ပြန်၊ ဒိုက်တကော်နှင့် ခရင်းချောင်းရွာတို့က ဒေသခံများ အဓိက အခက်အခဲကြုံရကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါကျေးရွာ သုံးရွာသည် ဥယျာဉ်ခြံလုပ်ငန်းအပြင် ဇာဒီချောင်းဝကို အမှီပြု၍ တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ကံပေါက်ဈေးတွင် ဒေသထွက်ကုန်များ သွားရောက်ရောင်းချကြရကြောင်း ဈေးသည်များထံမှ သိရသည်။

“ကားတွေ သွားမရတော့ ဈေးတက် (ဈေးကို သွားလို့) မရတော့ဘူးလေ။ ပြီးတော့ ဈေးက ကံပေါက်နဲ့က ပိုနီးတယ်။ နဘုလယ်ဘက် ဈေးရောင်းဈေးဝယ်လုပ်ဖို့က ဝေးတယ်။ အရင်က ဆန်၊ ဆီပဲ သယ်ရခက်တာ အခုတော့ သွားလို့ပါ မရတော့ဘူး” ဟု ဇာဒီကျေးရွာအုပ်စုက ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် ကျန်းမာရေးကိစ္စများအတွက် ကံပေါက်တိုက်နယ်ဆေးရုံကို အားထားရသဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် စိုးရိမ်ကြောင်း ဒေသခံတို့က ဆိုသည်။

“(ဒီရွာတွေမှာ) ကျန်းမာရေးမှူးလည်း မရှိဘူးလေ။ အရေးအကြောင်းဆို ကံပေါက်ပဲသွားနေရတာ။ အခုကတော့ တော်တော်ခက်မယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

ကံပေါက်နှင့် နဘုလယ်တို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်း နေရာနှစ်ခုကို ဧပြီလ ၂၉ရက်တွင် စစ်ကောင်စီတပ်က စစ်ကားခြောက်စီး၊ ဘတ်ဟိုးတစ်စီးတို့ဖြင့် လာရောက်ကာ လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

အကျယ် လက်တောင် ၆ တောင်ခန့်၊ အနက် ၆ တောင်ခန့် မြောင်းသုံးနေရာ တူးကာ လမ်းမပေါ်ကိုလည်း မြေဖို့ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ကံပေါက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းသို့ လမ်းပိုင်းဖျက်ဆီးဖြတ်တောက်ခံရပြီးနောက် အထက်ပါ ကျေးရွာ သုံးရွာတွင် ဖုန်းများလည်း လိုင်းမကောင်း တော့ကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီက လာရောက်ဖြတ်တောက်ခဲ့ခြင်းဖြစ်သဖြင့် လမ်းကို ပြန်လည်ပြုပြင်ရဲသူ မရှိဘဲ ဖြစ်နေပြီး မိုးရာသီတွင် လမ်း ပိုမိုပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။