BREAKING
January 21, 2025

ဘီးလင်း အင်္ဂဘိုအကျဉ်းစခန်း လက်ထောက်ညွှန်မှူး ပစ်သတ်ခံရ၊ ဇနီးဖြစ်သူ ဒဏ်ရာရ

May 1, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရွှေဖြူရော်ဘာအကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးစင်းအောင်သည် ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ယက္ကန်းသည်မရွာထိပ်ရှိ ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တို့ တွဲဖွင့်ထားသည့် အိမ်ဆိုင်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့က ပြောသည်။

ဆိုင်ကယ်နှစ်စီးဖြင့် အရပ်ဝတ် အမျိုးသားလေးဦး လာရောက်ကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံ‌ရမှုကြောင့် ဦးစင်းအောင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သွားခဲ့ပြီး ဇနီးဖြစ်သူလည်း သေနတ်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

“အပစ်ခံရတာက သူ့ရဲ့အိမ်ဆိုင်မှာပဲ။ သူကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ သူ့မိန်းမလည်း ဒဏ်ရာရသွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် နီးစပ်သူ၊ အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွား နေပြီး ဧပြီလ ၂၀ ရက်ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးအုပ်ချုပ်ရေးမှူး ‌ဦးတင်ငြိမ်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

သထုံခရိုင် ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်တို့တွင် ဧပြီလတစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးနှင့် နီးစပ်သူ ၁၀ ဦးထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း စုဆောင်းထားသည့် အချက်အလက်များ အရ သိရသည်။