မြိတ်မြိုနယ်နှင့် တနင်္သာရီမြို့နယ်အကြား ပြည်ထောင်စုကားလမ်းပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။
ဧပြီလ ၃၀ ရက်နေ့ နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ထိုးစစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာက မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ဆေးရေးဂိတ်အနီးရှိ တုံးဗျောကြီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ကူပေးရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့(စကစ) ဘက်က တနင်္သာရီဘက်က သိန္ဓောစခန်းကိုပဲ အာရုံစိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သွားဖြို တိုက်ခိုက်ခဲ့တာမျိုးပေါ့။ တိုက်ပွဲအတွင်း သူတို့ဘက်က စစ်ကူလာတာမျိုးတော့ မရှိဘူး”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားသည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်ကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပြီးနောက် အဆိုပါ တုံးဗျောရွာစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ထားကြောင်း အမည်မဖော်လိုသည့် တုံးဗျောဒေသခံတစ်ဦးက ပြောသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ကို တနင်္သာရီမြို့နယ်ပကဖရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တိုင်းပကဖလုံခြုံရေး၊ တောင်ပံနီအဖွဲ့၊ ကျွန်းစုပကဖ၊ မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ ၂၊ ပုလောပကဖ၊ dragon Squad ဒရုန်းတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။