BREAKING
April 2, 2025

ဘန်ကောက်တွင် ပြိုကျသည့် ဆောက်လက်စတိုက် တည်ဆောက်မှု အီတာလျံ - ထိုင်း ကုမ္ပဏီ ပါဝင်

April 1, 2025

ငလျင်ဒဏ်ကြောင့် ဘန်ကောက်မြို့တွင် ဆောက်လက်စ အထပ်မြင့်တိုက်ပြိုကျခဲ့ရသည့် နောက်ကွယ်က အကြောင်းအရင်းကို ထိုင်းအစိုးရက စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါတိုက်ကို တည်ဆောက်သူများတွင် အီတာလျံ – ထိုင်း ကုမ္ပဏီလည်း ပါဝင်ကြောင်း ထွက်ပေါ်လာခဲ့သည်။

ITD ဟု အတိုကောက်ခေါ်သော အီတာလျံ-ထိုင်းသည် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦး တည်ဆောက်ခွင့်ရကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် ပတ်သက်၍ အမြဲတစေ ဝေဖန်မှုများရှိသည်။

၂၀၁၀ ခုနှစ် စစ်အစိုးရလက်ထက်တွင် ထားဝယ်စီမံကိန်းကို အလုံးစုံ လုပ်ကိုင်ခွင့်ရပြီးနောက် နောက်ပိုင်းတွင် မြန်မာ အစိုးရက စီမံကိန်းမှ ထုတ်ပယ်လိုက်သည်။

မတ်လ ၂၈ ရက်နေ့ (သောကြာနေ့) က ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် အဆိုပါ တိုက်မှာ အထပ် ၃၀ ပါ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အအုံ ဖြစ်သည်။

အဆိုပါ ဆောက်လက်စတိုက်ပြိုကျမှုတွင် တနင်္လာနေ့အထိ ကိန်းဂဏန်းများအရ အနည်းဆုံး ၁၉ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူပေါင်း ၇၇ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့တမြို့လုံးတွင် အဆိုပါ တိုက်တစ်ခုတည်း ပြိုကျခဲ့သည့်အတွက် ထိုင်းအစိုးရက ယင်းအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

အရည်အသွေးနိမ့်ဆောက်လုပ်ရေးပစ္စည်းကြောင့်လား၊ အဆောက်အအုံဒီဇိုင်းပုံစံ မှားယွင်းမှုကြောင့်လား၊ စီမံကိန်းဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းနှင့် စီမံကိန်းအတည်ပြုသည့် အဆင့်တွင် အမှားအယွင်းဖြစ်ပေါ်ခဲ့မှုကြောင့်လား ဆိုသည်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်။

အဆိုပါ တိုက်ဆောက်လုပ်ရေးကို အီတာလျံ – ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်မီးရထားလမ်းဆောက်လုပ်ရေး အမှတ် ၁၀ အင်ဂျင်နီယာအဖွဲ့တို့က ပူးပေါင်းလုပ်ကိုင်နေသည်။ တည်ဆောက်မှုလုပ်ငန်းတော်တော်များများကို တရုတ်မီးရထားလမ်းဆောက်လုပ်ရေး အမှတ် ၁၀ အင်ဂျင်နီယာအဖွဲ့က တာဝန်ယူထားသည်။

အဆိုပါ တိုက်ပြိုကျပြီးနောက် တိုက်အနောက်ဘက်က ကွန်တိန်နာများထဲမှ စာရွက်စာတမ်းဖိုင်များကို ဝင်ယူနေသည့် တရုတ်အမျိုးသားလေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ထိုင်းရဲတပ်ဖွဲ့က Bangkok Post သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ တရုတ်အမျိုးသားလေးဦးမှာ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းအတွက် အလုပ်လုပ်ခွင့် ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း၊ အီတာလျံ – ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ဆက်နွှယ်သည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ ဖိုင်များတွင် အဆိုပါ တိုက်တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့သော ကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိပြီး ယင်းဖိုင်များကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားပြီး အဆိုပါ တရုတ်အမျိုးသား လေးဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

တိုက်ပြိုကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးထားပြီး ရက်အနည်းငယ်အတွင်း ကနဦးအစီရင်ခံစာ တင်သွင်းရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာကလည်း အတည်ပြုပြောဆိုထားပြီး ဖြစ်သည်။

အဆိုပါ တိုက်ကို တည်ဆောက်ရာတွင် အသုံးပြုသော သံမဏိချောင်းများမှာ ပါးလွန်းပြီး အရည်အသွေးမမီခြင်းကြောင့် ပြိုကျရခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်သူအချို့က ဆိုသည်။

တနင်္လာနေ့တွင် ကျွမ်းကျင်သူများက အဆိုပါ တိုက်ပြိုကျခဲ့ရာ အပျက်အစီးပုံထဲမှ စတီးလ်ချောင်းများကို စမ်းသပ်စစ်ဆေးရန် နမူနာယူလာခဲ့သည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မတူညီသည့် သံမဏိအမျိုအစားခြောက်မျိုးကို တွေ့ရှိရကြောင်း ၊ ယင်းသံမဏိအမျိုးအစားအားလုံးကို ကုမ္ပဏီတစ်ခုတည်းမှ ထုတ်လုပ်ထားသည်ကို တွေ့ရကြောင်း ထိုင်းစက်မှုလုပ်ငန်းဝန်ကြီးက ပြောသည်။

အဆောက်အအုံတစ်ခု ပြိုကျရသည်မှာ အကြောင်းအရင်းများစွာ ရှိနိုင်သော်လည်း အရေးပါဆုံးအချက်မှာ တည်ဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၏ အရည်အသွေးနိမ့်ကျမှုပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပြိုကျမှုမှ ထူးဆန်းသည့် အခြင်းအရာတစ်ခုကို တွေ့ရှိထားပြီး ဖြစ်ပြီး စမ်းသပ်ချက်ရလဒ်များ ထွက်ပေါ်လာပြီးမှ အသေးစိတ်ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါတိုက်ပြိုကျမှု ဖြစ်စဉ်ပြီးနောက် အီတာလျံ-ထိုင်း၏ ထိုင်းစတော့ရှယ်ယာစျေးနှုန်းများ လေးပုံတစ်ပုံနီးပါး ကျဆင်းသွားခဲ့သည်။

Source: CBS News