ငလျင်ကြောင့် အထိနာခဲ့သည့် မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်တွင် နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းတိုက်ကျောင်းဆောင် ငလျင်ကြောင့် ပြိုကျရာတွင် ပိမိပြီး ကလေး ၁၃ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျောင်းဆောင်တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းတက်ရန် အသက် ၁၁ နှစ်အထက်အရွယ် ကလေး သုံးဆယ်ဦးခန့် ငလျင် မလှုပ်မီ ကျောင်းဆောင်အတွင်းနှင့် ပတ်ဝန်းကျင်တွင် ရှိနေခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
“ငလျင်ဖြစ်တော့ ကလေး နှစ်ဆယ်လောက်က ပြေးကြတော့ လွတ်ကြတယ်။ ၁၅ ယောက်လောက်က ပိမိသွားတာ။ ရှာဖွေကယ်ဆယ်ရေး ပြန်လုပ်တော့ နှစ်ယောက် ပြန်ကယ်နိုင်တယ်။ တစ်ဆယ့်သုံးယောက်ကတော့ သေသွားတာပေါ့” ဟု ဆရာတော်က ဆက်လက်မိန့်သည်။






အဆိုပါဖြစ်စဉ်တွင် ခေါင်းတစ်ခုသာပေါ်ပြီး ခန္ဓာတစ်ကိုယ်လုံး ကျောင်းဆောင်အပျက်အစီးထဲ နစ်မြှုပ်နေသည့် ကလေးငယ်အား ရွာသားများက အပျက်အစီးများကို လက်ဖြင့် ဖယ်ရှားကယ်တင်နေကြသည်ကို တွေ့ရသည်။
ငလျင်ကြောင့်သေဆုံးသွားသည့်ကလေးများ၏ မိသားစုများနှင့် ငလျင်ဖြစ်စဥ်အတွင်း လွတ်မြောက်လာသည့် ကလေးများသည် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးသည့် အကူအညီများလိုအပ်နေကြောင်း ဆရာတော်က မိန့်သည်။
ရွာတန်းတိုက်နယ်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများရှိသော်လည်း ရှေးဟောင်းကျောင်းပြိုကျကာ ကလေးများသေဆုံးမှုသည် အထိအခိုက်အများဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။