BREAKING
April 2, 2025

တရုတ်က ထိုင်ဝမ်ကို ဝိုင်းပတ်ကာ စစ်ရေးလေ့ကျင့်၊ အမေရိကန်ကို သွေးတိုးစမ်း

April 1, 2025

ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ကာ တရုတ်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ စုဖွဲ့ကာ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) က ယနေ့ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တရုတ်တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုစွမ်းရည်ကို စမ်းသပ်ရန် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်စစ်တပ်က ဆိုသည်။

ပင်လယ်ပြင်အတွင်း တိုက်ခိုက်ချေမှုန်းရေးနှင့် မြေပြင်ပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရေး ၊ အဓိကစစ်ရေးပစ်မှတ်ဧရိယာများနှင့်ပင်လယ်ပြင်ရေလမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရေးတို့ကို လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ “ထိုင်ဝမ်လွတ်လပ်ရေး” ခွဲထွက်ရေးအင်အားစုများအတွက် တင်းတင်းမာမာ သတိပေးချက်တစ်ခုဖြစ်သည်ဟု တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရားမျှတမှုရှိပြီး လုပ်ကိုလုပ်ရမည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ၎င်း၏ ပထမဆုံး အာရှခရီးစဉ်အတွင်း “တရုတ်၏ ရန်လိုမှု” ကို တန်ပြန်မည်ဟု ပြောဆိုခဲ့ပြီးနောက် တရုတ်စစ်တပ်၏ အဆိုပါ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုနောက်ဆုံးထွက်ပေါ်လာသည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ၎င်း၏ “အမေရိကန် ပဓာန” နိုင်ငံခြားရေးမူဝါဒအရ အမေရိကန်နှင့် ကမ္ဘာအနှံ့က ဆက်ဆံရေးများကို ပြောင်းလဲပစ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥရောပတိုက်အတွက် ဆယ်စုနှစ်များစွာ လုံခြုံရေးအာမခံချက်ပေးလာမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပယ်ဖျက်လျက် ရှိသည်။

အာရှတိုက်မှ အမေရိကန်၏ ကာလကြာရှည်မဟာမိတ်များကိုလည်း ပိုမိုငွေကုန်ကြေးကျခံရန် ဒေါ်နယ်ထရမ့်က ဖိအားပေးလျက် ရှိသည်။

အမေရိကန်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ ရည်မှန်းချက်များကို တန်ပြန်ရေးကို ပိုမိုအာရုံစိုက်လုပ်ဆောင်သင့်သည်ဟု ထရမ့်နှင့် နီးစပ်သည့် အမေရိကန်အရာရှိများကလည်း ထပ်တလဲလဲ အလေးအနက်ထားပြောဆိုလျက် ရှိသည်။

ထိုင်ဝမ်သည် ဒီမိုကရေစီစနစ်ဖြင့် လည်ပတ်လျက်ရှိပြီး လူဦးရေ ၂၃ သန်းခန့် နေထိုင်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အဆင်အခြင်မဲ့ပြီး တာဝန်မဲ့သည့် လုပ်ရပ်ဟု ထိုင်ဝမ်အရာရှိများက ဆိုသည်။

ထိုင်ဝမ်သည် ၎င်းတို့ပိုင် နယ်မြေဖြစ်သည်ဟု တရုတ်အစိုးရက ကြွေးကြော်ထားပြီး လိုအပ်လျှင် အင်အားသုံး သိမ်းယူမည်ဟု ကတိပြုထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ဝမ်အတွက် ကွန်မြူနစ် တရုတ်ပြည်မကြီး၏ ခြိမ်းခြောက်မှုများထဲမှ နောက်ဆုံးထွက်ပေါ်လာသည့် အချက်ပေးသံ ဖြစ်သည်။

Source: CNN