ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေအိမ်တွင်လူမရှိချိန်တွင် အိမ်ရှိပစ္စည်းများကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)-T5 တပ်ဖွဲ့ဝင်များက ယူဆောင်နေသည်ဟု သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွန့်ကြည်ကဆိုသည်။
အသက် ၅၈ နှစ်ခန့်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးညွန့်ကြည်မှာ ယခင် ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်က အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ယခုအာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်ထားခဲ့သူဖြစ်သည်။
၂၀၂၄ ခုနှစ် မေလ ၁၄ ရက် ကနက်သီရိရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဦးညွန့်ကြည်တို့မိသားစုမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့သည်ဟု ကာယကံရှင်၏ ပြောဆိုချက်အရသိရသည်။
ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း-T5 က တပ်ဖွဲ့ဝင်များမှာ ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းကစကာ ၎င်း၏နေအိမ်တွင် ဝင်ရောက်နေထိုင်ပြီး နေအိမ်တွင်းက စပါးတင်း ၂၀၀ ခန့်ကို ယူဆောင်သွားကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလထဲတွင် အဝတ်ဘီဒိုသုံးလုံး၊ စက်တီခုံများအပါအဝင် အိမ်တွင်းက ပရိဘောဂပစ္စည်းများကို သယ်ယူသွားပြီး အခုမတ်လ ၂၉ ရက်တွင် အိမ်ရှေ့က အုတ်နီခဲ ၁၂၀၀၀ ကိုပါထပ်မံယူဆောင်သွားကြောင်း ၎င်းကပြောသည်။
“နေတာက နေပေါ့ လူမရှိလို့ သူတို့ဝင်နေနေတာ အပြစ်မမြင်ဘူးလေ။ အိမ်တစ်ဆောင်မှာ လူနေနေတာ ပိုတောင်ကောင်းသေးတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာတော့ လိုတိုင်းယူမရဘူးလေ။ သူတို့တော်လှန်ရေးလုပ်တာလေ” ဟု ဦးညွန့်ကြည်က ဆိုသည်။
ယင်းသို့ပစ္စည်းများကို သိမ်းယူရသည့်အကြောင်းနှင့် ပတ်သက်၍ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီးကို Dawei Watch ကဆက်သွယ်မေးမြန်းရာ သတင်းတွင်ဖော်ပြရန်အတွက် တရားဝင်ဖြေဆိုခြင်း မရှိဟု ပြန်လည်ပြောဆိုသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထုဆီက ငွေများအမြတ်ကြီးစားခေါင်းပုံဖြတ်ခြင်း၊ မတရားသဖြင့် အကျိုးစီးပွားရှာပြီးရလာသည့် ပစ္စည်းများဖြစ်သည်ဆိုပါက ယင်းဥစ္စာပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းယူဆောင်ခြင်းကို လက်ခံသည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှု သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးက ပြောသည်။
ထိုသို့မဟုတ်ဘဲ တရားသဖြင့် စီးပွားရှာထားသည့် ဥစ္စာပစ္စည်းများ၊ မိသားစုဝင်အားလုံးပိုင် ပစ္စည်းများကို ဥပဒေမဲ့ တရားလက်လွတ် သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ချိတ်ပိတ်ခြင်းများသည် စစ်သည်တော်များလုပ်ဆောင်ရမည့် အရာမဟုတ်ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။
“ကျွန်တော်တို့တွေက ရန်သူအကြမ်းဖက်စစ်တပ်လုပ်တဲ့ ပုံစံမျိုးတွေ အိမ်တစ်ဆောင်ကိုဝင် ဝင်ဝိုင်းပြီး ရှိသမျှပစ္စည်းဥစ္စာတွေကို သိမ်းဆည်းတာတွေမျိုး အိမ်တွေကို ချိတ်ပိတ်ခဲ့တာတွေမျိုး ပြီးတော့ ရှိတဲ့ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးပစ်ခဲ့တာတွေမျိုးက လုံးဝ ရှောင်ရှားဖို့လိုတယ်ဗျ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လ ၁၇ ရက်ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဆင်ထိုးကြီးရွာက စစ်ကောင်စီခန့် အုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူတို့၏ နေအိမ် ၇ လုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂၊ ၂၇ ပူးပေါင်းတပ်တို့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု နှစ်ဖက်စစ်ရေးသတင်းအရင်းအမြစ်များက ပြောဆိုထားသည်။