BREAKING
April 2, 2025

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီပေးကြရန် မွန်တော်လှန်ရေးအဖွဲ့ တိုက်တွန်း

April 1, 2025

ပုံစာ - ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်နေစဉ်။ ဓာတ်ပုံ - Myanmar Fire Services Department

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီများပေးကြရန် မွန်ပြည်သူလူထုကို မွန်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့က တိုက်တွန်းနှိုးဆော်လိုက်သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အပါအဝင် နေရာခြောက်ခုထက်မနည်းက ပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

NMSP-AD အနေဖြင့် ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးအပါအဝင် ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီသွားမည်ဖြစ်ပြီး မွန်ပြည်သူများအနေဖြင့်လည်း ငလျင်ဒဏ်သင့် ပြည်သူများကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိ‌နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

“ပြည်သူတွေအတွက် အကူအညီတွေကို စစ်ကောင်စီလက်ထဲ မရောက်ရှိဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူကနေ ပြည်သူကို အကူအညီတွေ ရောက်ရှိဖို့ MSFC က ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု MSFC တာဝန်းရှိသူက ဆိုသည်။

ပြည်ပရောက် မွန်ပြည်နယ်ဖွား ပြည်သူများနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများကို ကူညီကြရန်နှင့် လှူဒါန်းလိုသူများ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနသို့ ဆက်သွယ်ကာ လှူဒါန်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် ဧပြီလ ၁ ရက်နေ့အထိ လူ ၃၀၀၀ ကျော် သေဆုံးကာ၊ ပြည်သူလူထု သန်းပေါင်းများစွာ အတိဒုက္ခရောက်နေကြသည်ဟု MSFC က ထုတ်ပြန်ထားသည်။

ငလျင်ဘေးသင့်ပြည်သူများသည် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများ အကြီးအကျယ်လိုအပ်နေသည်ဟုလည်း MSFC က ထုတ်ပြန်ထားသည်။

ပြည်သူများ ငလျင်ဒဏ်ပြင်းထန်စွာ ခံစားနေရချိန်တွင် ငလျင်ဒဏ်သင့်ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများ ထပ်ဆင့်ဒုက္ခကြုံတွေ့နေရသည်ဟုလည်း NMSP-AD နှင့် MSFC တို့က ထုတ်ပြန်ထားသည်။