ငလျင်ဗဟိုချက်ဖြစ်ကာ အပျက်အစီးအလွန်များသည့် စစ်ကိုင်းမြို့တွင် တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိ ရှာဖွေနေပြီး ပြည်တွင်း ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိရှာဖွေနေကြပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်သူများထံမှ သိရသည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့မှာ မတ်လ ၃၁ ရက်တွင် ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့လည်း ရောက်ရှိနေသည်။
“ဒီမှာ ကျွန်တော်တွေ့ရတာတော့ မလေးရှားအဖွဲ့ ဝင်တယ် ။ တရုတ်အဖွဲ့ ဒီမှာ မနေ့က တစ်နေကုန်နီးပါးလောက် ရှာဖွေတယ်။ သူတို့ကတော့ စက်တွေဘာတွေနဲ့ နှိုက်ပြီးရှာကြည့်တယ်” ဟု စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်နေသည့် မုံရွာအခြေစိုက် သုခဟိတပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ပြည်တွင်းက ကူညီရေးအဖွဲ့များလည်း ရောက်ရှိလာကြောင်း ၎င်းက ဆိုသည်။
“ကူညီရေးအသင်းတွေကတော့ မြို့နယ်ပေါင်းစုံက အတော်လေးကိုလာကြတယ်။ မနေ့ကနဲ့ ဒီနေ့ ပိုပြီးတော့ ကူညီရေး အလှူကုသိုလ်ရှင်လေးတွေ လမ်းမှာအတော်များများတွေ့ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။
စစ်ကိုင်းမြို့တွင် ရောက်ရှိနေသည့် မလေးရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့ မတ်လ ၃၁ ရက်တွင် နေရာသုံးခုတွင် ရှာဖွေရာ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအပါအဝင် ရုပ်အလောင်းနှစ်လောင်းတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ ယနေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။