တနင်္သာရီမြို့ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မြိတ်မြို့နယ် တုံးဗျောရွာတွင် မတ်လ ၃၁ ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၇ စီးပါ ယာဉ်တန်းကို ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာအနီး၌ မြိတ်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။
မြိတ်မြို့မှ တနင်္သာရီဘက်လာသည့် စစ်ကောင်စီတပ် ရိက္ခာကား ၇ စီးကို ဆွဲမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။
အဆိုပါစစ်ကောင်စီယာဥ်တန်းသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကား ၅ စီးသာ တနင်္သာရီဘက်သို့ ဆက်လက် မောင်းနှင်သွားပြီး နှစ်စီးမှာ မိုင်းဆွဲခံရသည့် နေရာတွင်ပင်ရပ်နားသွားကြောင်း မိုင်းဆွဲတိုက်ရာတွင်ပါဝင်သည့် မြိတ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိသလို မြိတ်ပကဖ တပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“ရပ်သွားတဲ့ ကား နှစ်စီးက ကားမောင်းသမားတွေ သေဆုံး သွားလားမသိဘူး။ စုံစမ်းနေတုန်းဆိုတော့ ထိခိုက်မှုက အသေးစိတ် မသိရသေးဘူး”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်း၊ တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်း တို့မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ငါးရံ့အင်း၊တုံးဗျောရွာဟောင်းဖက်ကို ပစ်ခတ်နေကြောင်း အသက် ၂၆ နှစ် အရွယ် တုံးဗျောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
”အရင်ကဆိုရင် ရိက္ခာ၊စစ်ကူပို့ပြီး ပြန်ရုတ်တယ်။ အခုကမရုတ်တော့ဘူး။ လမ်းကင်းနဲ့အထိုင်တွေ မြိတ်နဲ့ တနင်္သာရီ လမ်းပိုင်းမှာ တောက်လျှောက်ချထားတယ်” ဟု အသက် ၄၁ နှစ်အရွယ် မြိတ်ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ရေးလုပ်ရှားမှုထက် ရိက္ခာဖြည့်ခြင်းကို ပိုမိုလုပ်ဆောင်နေသည့်အတွက် အင်အားထပ်ဖြည့်ပြီး မောတောင်နယ်စပ်လမ်းနှင့်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရန် ရည်မှန်းထားပုံရကြောင်း မြိတ်ပကဖ တာဝန်ခံ ရဲဘော်ကိုဏကြီး က ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာသည့် မြိတ်ပကဖတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာက အပြန်အလှန်ပစ်ခတ်မှု အနည်းဖြစ်ပွားခဲ့သေးကြောင်း မြေပြင်ရဲဘော်များက ဆိုသည်။
မတ်လ၂၉ရက်နေ့ကလည်း မြိတ်မြို့မှတနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ရိက္ခာလာပို့သည့် ယာဥ်တန်း ကို တော်လှန်ရေးတပ်များက ရမ်းဖိုရွာအရောက်တွင် တိုက်ခိုက်ခဲ့သည်။