BREAKING
April 2, 2025

ပုလောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

April 1, 2025

ပုလောမြို့ အမှတ် ၄ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အသက် ၆၀ ကျော်အရွယ် ဦးခင်မောင်ဝင်းသည် အမှတ် ၄ ရပ်ကွက် ရွှေဟင်္သာလမ်းရှိ နေအိမ်တွင်ရှိနေချိန် မတ်လ ၃၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းမြို့ခံကပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO တပ်ရင်း ၇ တို့ပူးပေါင်းပြီး ဦးခင်မောင်ဝင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ယနေ့ (ဧပြီ ၁) တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ပြဌာန်းထားသည့် အဓမ္မစစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးသည် လူငယ်များကို ဖိအားပေးပြီး စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဓိကကတော့ စစ်မှုထမ်းဥပဒေနောက်ပိုင်း လူစုဆောင်းတာတို့၊ စာရင်းကောက်တာတို့ ပြီးတော့ စစ်မှုထမ်းမပါချင်ရင် မဖြစ်မနေ ငွေပေးရတာတို့ အဲဒါမျိုးတွေလုပ်နေတာ။ အဲဒါတွေမလုပ်ဖို့ ကျွန်တော်တို့ သတိပေးစာပို့သေးတယ်။ မလိုက်နာဘူး” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီအတွက် စစ်မှုထမ်း လူသစ်စုဆောင်းရေး အဓမ္မလုပ်ဆောင်နေသည်ကို ရပ်ကွက်နေပြည်သူများက သတင်းပေးချက်၊ မျက်မြင်တွေ့ရှိချက် စသည့်အသက်သေအထောက်အထားများကို ရယူပြီးမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီလော်ဘီချယ်တို့တွင်မူ အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းသည် နေအိမ်တွင် ထောက်ခံစာရေးပေးနေစဉ် PDF များရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရေးသားမျှဝေထားသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် သုံးလအတွင်း ပုလောမြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်သတ်ခံရမှု စုစုပေါင်းလေးဦးရှိပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၇ ရက်က ပုလောမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူ ပစ်သတ်ခံရပြီး မတ်လ ၂၇ ရက်တွင် ပုလောမြို့အနီး ရှပ်ပုံရွာ (ပြည်သူ့စစ်(ပျူစေထီး)ခေါင်းဆောင်ပစ်သတ်ခံခဲ့ရသည်။ ယခု ဧပြီလတွင်မူ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည်။

အထက်ပါ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်(ပျူစောထီး) တို့ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း ၇ တို့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။