တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ လယ်သစ်ရွာနှင့် သရဖုံရွာများကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ဒေသခံနှင့်ကွမ်းသီးရောင်းဝယ်သူများ ထံမှသိရသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစကာ ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ထားရာ မြိတ်မြို့သို့ ကွမ်းသီးခြောက်တင်ပို့ခွင့်မရသဖြင့် စျေးကျလာကြောင်း ဒေသခံများက ပြောသည်။
ကားလမ်းမပိတ်မီက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုသို့ဈေးကျနေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် သိုလှောင်မထားတော့ဘဲ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရကြောင်း ၎င်းကပြောသည်။
“အရင်ကလို သိုမထားတော့ဘူး။ ဘယ်အချိန်ဘာနဲ့ ကြုံမယ်မှန်းမသိဘဲ တစ်နေ့ တစ်မျိုးစျေးပြောင်းနေတယ်လေ။ စျေးကျလည်း ရတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်” ဟု အထက်ပါအမျိုးသမီးကဆိုသည်။
ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာမှ မြိတ်မြို့သို့ကားလမ်းမှသွားလာမည်ဆိုပါက တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၊ အမှတ် ၃၀၆ အမြောက်တပ်ရင်းစစ်ဆေးရေးဂိတ်နှင့် ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ် စသည့် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရသည်။
အဆိုပါရွာများမှ မြိတ်မြို့သို့ ရေလမ်းခရီးဖြင့် သွားလာနိုင်သော်လည်း လမ်းပိုင်းရှိ မင်းသန်းရွာစစ်ဆေးဂိတ်တွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသည်။
ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားမှုကြောင့် ကွမ်းသီးခြောက်များကို ဒေသခံများထံမှ ဝယ်ယူထားသော်လည်း မြိတ်မြို့သို့ပြန်လည်တင်ပို့ခွင့်မရသဖြင့် ဂိုဒေါင်အတွင်း သိုလှောင်ထားရကြောင်း ကွမ်းသီးခြောက်ရောင်းဝယ်ရေးလုပ်နေသည့် အသက်၂၂နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“လမ်းကြောင်းမကောင်းတော့ ပို့လို့လည်းမရဲဘူး။ ပို့လိုက်လို့ ဖမ်းမိသွားရင် အကုန်ဆုံးရှုံးမှာ။ အဲတော့ ဝယ်ပြီး ပါကင်လုပ်ပြီး (နေလှန်းပြီး ဂုန်နီအိတ်ထဲထည့်)ထားရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
မြိတ်-တနသ်ာရီလမ်းပိုင်းရှိ ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ပဝရွာဘက်ပို့မည့်ပစ္စည်း များတင်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများနှင့် ဒေသခံများကို မကြာခဏဖမ်းဆီးနေသည်။