BREAKING
May 1, 2025

ထိုင်း-မြန်မာနယ်စပ် မောတောင်တောမီး လေးရက်ဆက်လောင်၊ ငြှိမ်းသတ်သူမရှိသေး

April 1, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်မြို့အနီး တောမီးလောင်ကျွမ်းနေသည်မှာ လေးရက်မြောက်ရှိလာပြီဖြစ်ပြီး ငြှိမ်းသတ်သူမရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မတ်လ ၂၈ ရက် ညက မောတောင်မြို့၊ စစ်ကောင်စီတပ်အနီးရှိ ဝါးတောမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မနေ့ (မတ် ၃၁) ညအထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ရင်းရှိသည့်ဘက်ခြမ်းတွင် လောင်နေသည့်တောမီးကိုသာ မီးသတ်သမားများက ငြှိမ်းသတ်ကြသော်လည်း အခြားတစ်ဖက်တွင်မူ ငြှိမ်းသတ်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

ဒေသခံများကလည်း ဥယျာဥ်ခြံနှင့်နေအိမ်များ မီးလောင်နိုင်သည့် အနေအထားရှိမှသာ မီးလမ်းဖြတ်ခြင်း၊ လိုက်လံငြှိမ်းသတ်ခြင်းများရှိကြောင်း၊ လတ်တလော ငြှိမ်းသတ်သူမရှိသေးကြောင်း အသက် ၄၃ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မီးလောင်နေတာက မီးလုံးကြီးတယ်။ ငြှိမ်းသတ်နိုင်မယ့် အခြေအနေ ကျွန်မတို့မှာမရှိဘူး။ ဒီရာသီအမြဲတမ်း မီးလောင်နေတော့ ရွာသားတွေကလည်း အေးဆေးပဲနေကြကုန်ပြီ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။

မြို့အနီးဝန်းကျင်တွင် တောမီးရက်ဆက်လောင်နေသည့်အတွက် မီးခိုးငွေ့များ အုံ့မှိုင်းနေပြီး မီးငြှိမ်းသတ်မည့်သူလည်းမတွေ့ရကြောင်း အသက် ၅၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း မောတောင်မြို့ဝန်းကျင်တွင် တောမီးလောင်ကျွမ်းခဲ့ရာ ဥယျာဥ်ခြံများ၊ ငှက်ပျောခြံများ၊ သီးနှံစိုက်ခင်းများနှင့် ဘုန်းကြီးကျောင်းဆောင်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။