ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် စစ်ကာင်စီနှင့် ရှရှားတို့ သဘောတူညီမှုရရှိပြီးနောက် မတ်လနှောင်းပိုင်းကစ၍ ယင်းဒေသဝေဟင်တွင် စစ်ကောင်စီက ကင်းထောက်လေယာဉ်ဖြင့် နေစဉ်စောင့်ကြည်နေ၍ ဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည် မတ်လ ၃၀ ရက် နေ့တွင်နှစ်ကြိမ် ၃၁ ရက်နေ့တွင် တစ်ကြိမ် နဘုလယ်ဒေသ၏ ဝေဟင်တွင်ပျံဝဲလျက်ရှိခြင်းကြောင့် ဗုံကြဲခံရမည်ကို ဒေသခံများက စိုးရမ်နေကြခြင်းဖြစ်သည်။
“ပထမစစ်ကြောင်း(ထိုးတာ)ကြောင့် ထွက်ပြေးရပြီး အိမ်ပြန်လာတာသိပ်မကြာသေးဘူး။ ခုတစ်ခါလေယာဉ်တွေနေ့ တိုင်းဝဲပြီး စစ်ကြောင်းတစ်ခါထိုးလာဖို့ ပြင်နေပြန်ပြီ။ ပြေးတော့ မပြေးသေးဘူး သတိထားပြီးတော့ အခြေအနေစောင့် ကြည့်နေတယ်”ဟု နဘုလယ်ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။
မတ်လ ၁၃ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီက အင်အား ၁၀၀ ခန့် ဖြည့်တင်းထားပြီးနောက် မတ်လ ၃၁ ရက် နေ့ကစပြီး ရေဖြူမြို့ နယ် ဇာဒီကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် လောင်းလုံမြို့ နယ် မောင်းမကန်ရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးလာကြောင်း မူးဒူးဒေသခံအမျိုးသမီးကပြောသည်။
“မောင်းမကန်ဘက်စစ်ကြောင်းက ရေနက်ဆိပ်ကမ်းဘက်တက်လာနေတယ်။ ခုမနက် ပန်းတင်အင်းကို ကျော်လာပြီး ဘလိန်း ရွာဘက်ရောက်နေတယ်။ ကျွန်မတို့ ရွာတွေကတော့ ပထမအကြိမ်ဝင်ကတည်းက ရှောင်နေကြာရတာ” ဟု ယင်းအမျိုးသမီးကပြောသည်။
ရှရှား နှင့် ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်ထည်ဖော်ရန် သဘောတူညီမှု ရရှိပြီးနောက် စစ်ကောင်စီဘက်က မတ်လ ၁၃ ရက် နေ့ကစပြီး ရက်နှစ်ဆယ်နီးပါးအတွင်း စစ်ရေးပြင်ဆင်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ပြီး မတ်လ စတုတ္ထပတ်ကလည်း နဘုလယ်ဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
လက်ရှိမှာ စစ်ကောင်စီတပ်သည် ထားဝယ်အထူးစီးပွားရေးဇုန် ဒေသကို စစ်အင်အား အများအပြားအသုံးပြုပြီး၊ ကြည်း၊ရေ၊လေဖြင့် စစ်ကြောင်းထိုးရန်ပြင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောကြားချက်ရသိရသည်။