မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် သေဆုံးပျက်စီးမှုများ အလွန်များပြားခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလတွင် ဟိန္ဒူဘာသာဝင်များ အနေဖြင့် ဟိန္ဒူဘုရားပွဲ များကို ဆူညံစွာမကျင်းပကြရန်နှင့် ငလျင်ဒဏ်သင့်သူများအား အကူအညီပေးကြရန် ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့က မေတ္တာရပ်ခံထားသည် ။
ဘုရားပွဲများတွင် တီးမှုတ်ခြင်းများ၊ အသံချဲ့စက် ကျယ်လောင်စွာဖွင့်ခြင်းများ ပြုလုပ်ခြင်းမှာ တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးသောကရောက်နေချိန် အများပြည်သူအား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့်အတွက် အကျဥ်းရုံး၍ ဆိတ်ငြိမ်စွာကျင်းပကြရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကကဆိုသည် ။
ယခုပွင့်လင်းရာသီ ကာလတွင် နိုင်ငံအဝှမ်းရှိ ဟိန္ဒူဘုရားကျောင်းများ၌ ဘုရားပွဲများကျင်းပနေသည့် ကာလနှင့် ငလျင်ဒဏ်သင့်ထားသည့် ကာလတိုက်ဆိုင်နေကြောင်း ဟိန္ဒူအသိုင်းအဝိုင်းထံကသိရသည် ။
ငလျင်ဒဏ်သင့်ကာလတွင် ဘုရားပွဲများ ဆူညံစွာဆက်လက်ကျင်းပနေသည့် ဘုရားကျောင်းများလည်း ဆက်ရှိနေကြောင်း ဟိန္ဒူဘာသာရေးအသိပညာအဖွဲ့ထံ ဆက်သွယ်ပြောဆိုမှုများလည်း ရှိလာသဖြင့် ယခုကဲ့သို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည် ။
” အဓိကကတော့ အခုလို တစ်တိုင်းပြည်လုံးပူဆွေးသောကရောက်နေရတဲ့အချိန်မှာ လူသားချင်းစာနာတဲ့စိတ်နဲ့ ဘုရားပွဲတွေကို အကြီးအကျယ်ကျင်းပမယ့်အစား အဲဒီက ကုန်ကျမယ့်စရိတ်ကို ငလျင်ဘေးဒဏ်သင့်သူတွေကို လှူဒါန်းပေးတာက ပိုအကျိုးရှိမယ်ထင်လို့ ဘုရားကျောင်းတွေနဲ့ ဘာသာဝင်တွေကို တိုက်တွန်းတာ ဖြစ်ပါတယ် “ ဟု ၎င်းကပြောဆိုသည် ။
မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းရှိ ဟိန္ဒူဘုရားကျောင်း ငါးဆောင် ပြိုကျပျက်စီးထားသည်ကို အတည်ပြုထားနိုင်ပြီး နောက်ထပ်ထိခိုက်ပျက်စီးထားသည့် ဟိန္ဒူဘာသာရေး အဆောက်အအုံစာရင်းကိုလည်း မှတ်တမ်းကောက်ယူနေဆဲဖြစ်ကြောင်း ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့ထံမှသိရသည်။