BREAKING
January 11, 2025

ကမ်းဝေးငါးဖမ်းလှေအများစုအတွက် ငါးဖမ်းရာသီ သုံးလပိတ်သိမ်းပြီ

April 1, 2022

ငါးသားပေါက်ရာသီ ရောက်လာပြီဖြစ်သည့်အတွက် တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေများ သုံးလ ပိတ်သိမ်းသဖြင့် ကမ်းသို့ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

ယခုနှစ် ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် သုံးလပိတ်သိမ်းရန် သတ်မှတ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေအားလုံး ပြန်ဝင်လာကြပြီဖြစ်ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

“မတ် ၃၁ ရက် နောက်ဆုံးထားပြီး မနေ့ကတည်းက ငါးဖမ်းလှေအားလုံး ကမ်းပြန်ဝင်ကြပြီ” ဟု ၎င်းက ပြောသည်။

သို့သော် ကမ်းဝေးငါးဖမ်းလှေများတွင် အနည်းစုဖြစ်သည့် ကင်းမွန်မီးထွန်းလှေနှင့် ဝါတန်း (ဝိုင်းချုပ်) လှေများမှာမူ ဧပြီလတစ်လ ထပ်တိုးကာ ငါးဖမ်းခွင့် ရရှိထားသဖြင့် ဆက်လက်လုပ်ကိုင်နေကြကြောင်း ၎င်းက ပြောပြသည်။

လုပ်ငန်းရှင်များ၏ အခက်အခဲနှင့် လုပ်ငန်းအနေအထား တင်ပြမှုအပေါ် သက်ဆိုင်ရာက တစ်လ ထပ်တိုးပေးခဲ့ခြင်း ဖြစ်ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ယခုနှစ်မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရကာလသတ်မှတ်ရာတွင် ရာသီအလိုက်လုပ်ကိုင်ရသော အင်္ဂလန်ကျား၊ ကင်းမွန်ဖမ်းသည့်လုပ်ငန်း၊ ဝိုင်းချုပ်(ဝါတန်း)၊ စသည့်လှေများကို ငါးဖမ်းခွင့် သက်တမ်းတစ်လ တိုးပေးကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မတ်လ ၃ရက်နေ့က ကြေညာထားသည်။

ဒရွတ်ဆွဲပိုက်၊ ဘုံကျောက်ကျားပိုက်၊ စိမ်ပိုက်၊ ငါးမျှားတန်း၊ မြုံးလှေများကိုမူ ဧပြီလမှစတင်ကာ သုံးလ ပိတ်သိမ်းမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။

ကမ်းနီးလှေများမှာမူ ရာသီ ပိတ်သိမ်းခြင်း မရှိပေ။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်ငါးရာကျော်ရှိပြီး လှေတစ်စီးလျှင် ရေလုပ်သား ၂ဝမှ ၄၀ ကျော်အထိ လိုက်ပါကြသည်။