လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာအုပ်စု၊ မြောင်းပေါက်ရွာ ရာအိမ်မှူး မတ်လ ၃၁ ရက်နေ့ ည ကိုးနာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အသက် ၄၀ ကျော်အရွယ်ရှိ ဦးအောင်ကျော်သက်ဆိုသူဖြစ်ပြီး ယင်းနေ့ ညက ဇနီးနှင့် အသက် ၁၀နှစ် အရွယ်ရှိ သားဖြစ်သူတို့နှင့်အတူ အိပ်စက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သေနတ်သံက လေးချက်ကြားတယ်။ ထွက်မကြည့်ရဲကြဘူး။ တအောင့်လောက်ကြာမှ သွားကြည့်တော့ သွေးအိုင်ထဲ သေနေပြီ” ဟု ၎င်းက ဆိုသည်။
ဦးအောင်ကျော်သက်၏ အလောင်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်သို့ သယ်ဆောင် သွားပြီးနောက် ဇဟာသုသာန်တွင် မီးသင်္ဂြိုဟ်သည်ဟု သိရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သွေးစွန်းနေသောအဝတ်စများကိုမူ ကျေးရွာ သုသာန်သို့ မိသားစုဝင်များ သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အလောင်းကို နာရေးကားနဲ့ လာသယ်သွားတယ်။ ပြီးတာနဲ့ မိဘနဲ့ ဇနီးကို လာတွေ့ဖို့ အကြောင်းကြား တယ်။ နေ့လယ်ပိုင်းကျတော့ ရွာက ဆွေမျိုးတွေလိုက်သွားကြပြီး ဇဟာသုသာန်မှာ သင်္ဂြိုလ်လိုက်တယ်” ဟု ယင်းဒေသခံက ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ကလည်း ပန်းဒလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးဟု နာမည်ကြီးသူ ဦးဇော် ပစ်သတ်ခံရခဲ့ရပြီး နောက်သုံးရက်အကြာတွင် ရာအိမ်မှူးတစ်ဦး ထပ်မံပစ်သတ်ခံရခြင်းဖြစ်သည်။
“ဦးဇော်တို့အဖွဲ့က ကင်းစောင့်ခ ကောက်ခိုင်းရင် သူက လိုက်ကောက်ပေးရတယ်။ ရွာထဲလည်း သိပ်မနေဘူး ရွာထပ် (ပန်းဒလဲ) မှာပဲ အနေများတယ်” ဟု မြောင်းပေါက်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဦးအောင်ကျော်သက်ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကိုမှု အတည်ပြုနိုင်ခြင်းမရှိသေးပေ။