BREAKING
March 19, 2025

ထားဝယ်-ထီးခီးလမ်းပေါ်တွင် ဘောက်ဆာကား နှစ်စီးမီးရှို့ခံရ

April 1, 2022

ထားဝယ်-ထီးခီးလမ်းပေါ်တွင် မီးလောင်နေသည့် ဘောက်ဆာကား နှစ်စီးကိုတွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းမတွင် LP Gas ရေနံဓာတ်ငွေ့ရည်ဟု ရေးသားထားသော  ဘောက်ဆာကားနှစ်စီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ယင်းကားနှစ်စီးမှာ ထီးခီးဘက်မှ ထားဝယ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု ရမ္မဇူရွာနှင့် သရက်ငုတ်ရွာကြားအရောက် ယနေ့ နေ့လယ်ပိုင်းတွင် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က မီးရှို့ခဲ့သည်ကိုမူ မသိရှိရသေးပေ။

လေယာဉ်ဆီတင်သည့်ကား လာမည်ဟု သတင်းရထားသဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးကသုံးသပ်သည်။

“တားပြီးတော့ပစ်တာမှာ ကားသမားထွက်ပြေးသွားတယ်။ လုံခြုံရေးတော့ မပါဘူး။ တကယ်လို့ လေယာဉ်ဆီဆိုရင် လုံခြုံရေးပါမယ်လို့တော့ ထင်တယ်” ဟု ၎င်းကဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုရန်အတွက် လေယာဉ်ဆီများကို မြန်မာ-ထိုင်းနယ်စပ်မှ ထားဝယ်- ထီးခီးကားလမ်းမကိုအသုံးပြု၍ စစ်ကောင်စီက သယ်ယူနေသည်ဆိုသော သတင်းများလည်းယခုရက်ပိုင်းတွင် ထွက်ပေါ်နေသည်။

ပကာရီကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကမူ အဆိုပါဖြစ်စဉ်ကို သတင်းသာ ကြားရပြီး အသေးစိတ်အခြေအနေကို မသိရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် အယ်လ်ပီဂျီ (Liquified petroleum gas) ဓာတ်ငွေ့ရည်ကို အစားအသောက် ချက်ပြုတ်ရာတွင် ‌လောင်စာအဖြစ်အဓိက အသုံးပြုကြသည်။