BREAKING
December 22, 2024

စာမေးပွဲခန်းထဲ ကျောင်းသားများထိုင်နေချိန် ရေဖြူ အထက်တန်းကျောင်းတွင် အသံဗုံးပေါက်ကွဲ

April 1, 2022

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေသည့် ရေဖြူမြို့နယ် အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိနေစဉ် ယနေ့ (ဧပြီ ၁) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ စာစစ်ဌာနခြံဝင်းထထဲတွင်ဖြစ်ပြီး စာမေးပွဲမဖြေဆိုမီ ပေါက်ကွဲခြင်းဖြစ်ကာ အခန်းမှန်အချို့ ကွဲသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆို ၉၉ ဦး ရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲခန်းထဲတွင် ထိုင်နေစဉ် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလိုဟာမျိုးလုပ်တဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်တာပေါ့။ ခံစားရတယ်။ တို့လုပ်နေတဲ့ဟာသည် ကလေးတွေဘဝမြှင့်တင်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ဒီကိစ္စကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲ ရှိလည်း ကျော်လွှားနိုင်အောင်လုပ်ပြီးတော့ လုပ်ရမှာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ပေါက်ကွဲသည့် ဗုံးမှာ အသံဗုံးဟု ယင်းနေရာတွင် လုံခြုံရေးတာဝန်ယူထားသူများက ပြောဆိုသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စာစစ်ဌာနတွင် ရဲ၊ စစ်တပ်၊ မီးသတ် စသည့် လုံခြုံရေးယူပေးသူများ ရှိနေစဉ် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စာမေးပွဲဖြေဆိုမည့်အစီအစဉ် ပျက်သွားခြင်း မရှိကြောင်း တာဝန်ရှိသူက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦး မှန်စ အနည်းငယ် ထိမှန်ခဲ့သည်ဟုလည်း သတင်းထွက်နေကြောင်း ရေဖြူမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးပေ။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ပထမနေ့ဖြစ်သည့် မတ် ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ကလည်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရသည်။