ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာရှိ အသုဘအိမ်သို့သွားပြီး ပြန်လာသူသည့် တော်ဝင်ကျေးရွာဒေသခံများကို စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။
တော်ဝင်ရွာသားအချို့သည့် ထမင်းမစားရွာရှိ အသုဘအိမ်သို့ သွားပြီး ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ရွာသို့ ဆိုင်ကယ်သုံးစီးဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းသို့ ပစ်ခတ်သောကြောင့် အသက် ၃၅နှစ်အရွယ် ဒေါ်နှင်းဖြူအေး၊ ၎င်း၏ သမီးဖြစ်သူ အသက် ၈နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၈နှစ်အရွယ် မောင်ချစ်ပိုင်စိုးတို့ သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။
“အဲဒီနေ့ညက သေနတ်သံတွေ အများကြီးကြားတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ပြေးကြလွှားကြနဲ့ ရုတ်ရုတ်ဖြစ်နေကြတယ်။ အသုဘပို့ပြီး ဆိုင်ကယ်နဲ့ပြန်လာကြတဲ့အချိန်မှာ သေနတ်တွေနဲ့ ပစ်တာခံခဲ့ရတာတဲ့။ အဲဒီမှာ ခြေထောက်မှာ ဒဏ်ရာရတဲ့ ဆိုင်ကယ်နဲ့ မိန်းကလေးကို မီးပိတ် မီးပိတ် နောက်ကြောင်းပြန်လှည့်ဖို့ သူတို့ (ပစ်တဲ့သူတွေ) က လှမ်းပြောတယ်။ လူခေါ်လာပြီးမှ အလောင်းလာကောက်ဆိုပြောလို့ နောက်ကြောင်းပြန်လှည့်သွားရတယ်” ဟု ထမင်းမစားကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
တော်ဝင်ရွာနှင့် ထမင်းမစားကျေးရွာတို့မှာ နှစ်မိုင်ကျော် ကွာဝေးပြီး တော်ဝင်ရွာသို့ ပြန်လာသည့် လမ်းတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပစ်ခတ်မှုမဖြစ်မီ ညနေပိုင်းတွင် တော်ဝင်ရွာဘက်သို့ စစ်ကောင်စီတပ်ကားဝင်လာပြီး စစ်ကောင်စီတပ်ကား ထမင်းမစားရွာဘက်သို့ ပြန်လည် ထွက်ခွာသွားပြီးနောက် မိနစ် ၃၀ ကျော်အကြာတွင် အသုဘအိမ်က ပြန်လာသူများ၏ ဆိုင်ကယ်များ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း အထက်ပါဒေသခံအမျိုးသမီးက ပြောဆိုသည်။
“မနှင်းဖြူအေးက ဗိုက်ကိုကျည်ဖောက်ဝင်ဒဏ်ရာရပြီး ရွာထဲကို သူ့ဘာသူရောက်လာတယ်။ တတ်နိုင်သမျှ ကူညီပေး ကြပေမယ့် ဆေးရုံဆေးခန်းကလည်း သွားမရတော့မနက် ၃နာရီလောက်မှာ ဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။
ထမင်းမစားရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားပြီး အဆိုပါတပ်ဖွဲ့ဝင်များက တော်ဝင်ရွာသို့ ရောက်လာပြီးနောက် လမ်းတွင် ကင်းပုန်းချနေခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပအဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုလောအခြေစိုက် KNDO တပ်ခွဲ (၅) က တပ်ခွဲမှူး စောဗဟုကလည်း အထက်ပါ ပစ်ခတ်မှုကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ဒေသခံအချို့ကလည်း အခုပစ်ခတ်မှုဖြစ်သည့်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များ မရှိသလို တော်ဝင်ရွာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်သွားလာမှုမရှိကြောင်း ဆိုသည်။