စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သူကဘာပြောသလဲ ဆိုတော့ “နိုင်ငံကို ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိတဲ့ နိုင်ငံသားတွေက အရိပ်နေနေ အခက်ချိုးချိုး လုပ်နေကြလို့ နိုင်ငံအခုလိုဖြစ်နေတာဖြစ်တယ်”လို့ ပြောပါတယ်။
သေချာပြန်စဥ်းစားကြည့်မယ်ဆိုရင် အရိပ်နေနေ အခက်ချိုးချိုးလို့ဆိုရအောင် စစ်ကောင်စီတပ်ဟာ ပြည်သူတွေအပေါ်မှာ ဘာအရိပ်များ ပေးနေနိုင်လို့ပါလိမ့်။ လွတ်လပ်ရေးအတွက် နယ်ချဲ့ဖက်ဆစ်တွေကိုတွန်းလှန်တိုက်ခိုက်ဖို့ ကျနော်တို့ဘိုးဘေးတွေ စိုက်ပျိုးခဲ့တဲ့ မြန်မာ့တပ်မတော်ဆိုတဲ့အပင်ဟာ အခုချိန်မှာ အရိပ်မပေးနိုင်တော့တဲ့အပြင် ပြည်သူတွေကို ပြန်ပြီးတော့တောင် ဒုက္ခပေးနေပြီမဟုတ်ပါလား။
ဒီတော့ ပြည်သူတွေဟာ ဘာမှအသုံးမကျတော့တဲ့အပြင် ပြန်ပြီးဒုက္ခပေးနေပြီဖြစ်တဲ့ ဒီသစ်ပင်အို၊ သစ်ပင်ဆွေးကြီးကို အမြစ်ပါလှန်ကြပြီပေါ့။ စစ်အာဏာသိမ်း ကတည်းကစလို့ နိုင်ငံဟာ အဘက်ဘက်မှာ ကပ်ဆိုက်နေပြီး အများစုက ပြည်ပနိုင်ငံဆိုတဲ့ အခြားသစ်ပင်တွေမှာ သွားမှီခိုနေကြရတယ်။
ပြီးတော့ အရိပ်ပဲနေနေ၊ အခက်ပဲချိုးချိုး၊ အသီးပဲခူးခူး၊ ပန်းပဲခူးခူး ဒါဟာ သစ်ပင်ကိုစိုက်ပျိုးခဲ့တဲ့ ဥယျာဥ်မှူးရဲ့အလိုဆန္ဒပါလေ။ ဒါကို အရိပ်နေနေ အခက်ချိုးချိုးလုပ်တယ်လို့ သစ်ပင်က စောဒကတက်ပိုင်ခွင့် မရှိပါဘူး။
ဒီလိုပြောလို့ ကျေးဇူးတရား မသိတတ်လိုက်တာလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ တကယ်ဆိုရင် အဲဒီသစ်ပင်ဟာ ဥယျာဥ်မှူးကစိုက်ပျိုးလို့သာ အသက်ရှင်သန်လာရတာ မဟုတ်ပါလား။ ဥယျာဥ်မှူးပျိုးထောင် ခဲ့တယ်ဆိုတာကလည်း အရိပ်ရအောင်၊ ပတ်ဝန်းကျင်စိမ်းလန်းသာယာအောင်၊ အသီး၊ အစေ့အဆံတွေကို စားသုံးလို့ရအောင်၊ ပန်းတွေဝေဝေဆာဆာပွင့်နေတာကိုကြည့်ပြီး အများသူငှာ စိတ်အမောပြေအောင် ရည်ရွယ် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ဒီလောကကမ္ဘာမြေကို အကျိုးပြုနိုင်အောင် ရည်ရွယ်စိုက်ပျိုးခဲ့တာပဲဖြစ်ပါတယ်။ အလကားသက်သက် မြေဆီကိုစုပ်၊ အကျိုးယုတ်နေဖို့စိုက်ပျိုးခဲ့တာမှမဟုတ်တာလေ။
ဒါဟာ “နိုင်ငံတော်၏ အချုပ်ချာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်” ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာပါတဲ့ သဘောတရားနဲ့ အတူတူပဲဖြစ်ပါတယ်။ တနည်း ပြည်သူတွေဟာ အပင်ပျိုးသူ ဥယျာဥ်မှူးတွေဖြစ်တယ်။ နိုင်ငံ့အစိုးရဆိုတာ သစ်ပင်ဖြစ်ပါတယ်။
ဒီတော့ ဘယ်လိုသစ်ပင် (တနည်း) ဘယ်လိုအစိုးရ၊ စနစ်မျိုးကိုလိုလားတယ်ဆိုတာ အပင်ကိုပျိုးတဲ့ပိုင်ရှင် (တနည်း) ပြည်သူတွေရဲ့ အဆုံးအဖြတ်သာဖြစ်တယ်။ ဒီအစိုးရ၊ ဒီစနစ်ဟာ ပြည်သူလူထုက လိုလားတောင့်တတဲ့အတိုင်း ရှင်သန်ကြီးထွားမလာဘူးဆိုရင် ထိန်းကျောင်းတည့်မတ်ပိုင်ခွင့်ရှိတယ်။ အဆုံးစွန် အနေနဲ့ ဖြုတ်ချ၊ ဖျက်သိမ်းခွင့်ရှိပါတယ်။
တနည်း ဒီသစ်ပင်ဟာ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် အမြစ်ကနေဆွဲလှန်ပြီး အသက်ကိုနှုတ်ယူခွင့်ဟာ အပင်ကိုပျိုးခဲ့တဲ့ပိုင်ရှင် ဥယျာဥ်မှူးလက်ထဲမှာရှိပါတယ်။ ဒါပေမယ့် ဒီလိုဒုက္ခပေးနေတဲ့အပင်ကို သူ့အလိုလို နိဂုံးချုပ်သွားဖို့ ဆုတောင်းနေရုံနဲ့မရပါဘူး၊ တခြားခြံက ဥယျာဥ်မှူးတွေက လာရောက်ရှင်းလင်းပေးလိမ့်မယ်လို့လည်း အားကိုးနေလို့မရပါဘူး။ ကိုယ်တိုင်ထိန်းသိမ်း ရပါမယ်၊ ရှင်းလင်းရပါမယ်။ ဒီလိုလုပ်ပိုင်ခွင့်အာဏာဟာ ဥယျာဥ်မှုးဆိုတဲ့ ပြည်သူတွေရဲ့လက်ထဲမှာ ရှိနှင့်နေပြီးသားဖြစ်ပါတယ်။ ဒါသည်ပင်လျှင်ဟာ ပြည်သူ့အာဏာဖြစ်ပါတယ်။
ကျုပ်တို့ဘိုးဘေးတွေဟာ နယ်ချဲ့ဖက်ဆစ်တွေကိုတွန်းလှန်တိုက်ခိုက်ဖို့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကိုဖွဲ့စည်းခဲ့တယ်။ ပြည်ပရန်ကို ကာကွယ်ဖို့အတွက် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျဖို့ပျိုးထောင်ခဲ့တာမဟုတ်ပါဘူး။ ဒီတော့လက်ရှိ အာဏာသိမ်းစစ်အစိုးရဆိုတာ ပြည်သူလူထုက မစိုက်ပျိုးဘဲနဲ့ သူ့သဘောနဲ့သူ ပေါက်ရောက်လာတဲ့ အဆိပ်ပင်တပင်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဥယျာဥ်ခြံဝန်းထဲမှာ ကိုယ်မပျိုးထားတဲ့၊ ကိုယ့်အတွက် အကျိုးမရှိတဲ့ အဆိပ်ပင်ကိုအမြစ်ကနေ ဆွဲလှန်နေတာဟာ ခြံပိုင်ရှင် ပြည်သူတွေလုပ်ကိုလုပ်ရမယ့် တာဝန်ဖြစ်တယ်မဟုတ်ပါလား။ ဒီလိုမှမလုပ်ရင် ခြံထဲက တခြားအပင်တွေကိုရော၊ ကိုယ့်အတွက်ပါ အန္တရာယ်ရှိပါတယ်။
အခုလည်းပြည်သူတွေဟာ အာဏာသိမ်းစစ်အစိုးရဆိုတဲ့အပင်ကိုအမြစ်ကဆွဲလှန်နိုင်ဖို့နဲ့ နိုင်ငံသစ် စနစ်သစ်တစ်ခုကိုထူထောင်နိုင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဆိုတဲ့အပင်ပေါင်းများစွာကို နိုင်ငံရဲ့ နေရာအနှံ့မှာ ပြုစုပျိုးထောင်နေကြပြန်ပါပြီ။ ဒီတစ်ခါပြည်သူတွေပျိုးထောင်နေတဲ့အပင်တွေဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်သိကျေးဇူးပြုတတ်တဲ့အပင်မျိုးကို ရည်ရွယ်ပျိုးထောင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုတစ်ခါပြည်သူတွေပြုစုပျိုးထောင်နေတဲ့ အပင်တွေအထဲမှာ မျိုးစေ့သန္ဓေမှန်တဲ့အပင်တွေရှိသလို သန္ဓေမမှန်တဲ့အပင်တွေလည်း အုတ်ရောရော ကျောက်ရောရောနဲ့ ပေါက်ရောက်နေပါတယ်။
ဆင်ဖြူတော်မှီပြီး ကြံစုပ်သလိုမျိုး တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးစီးပွား၊ အုပ်စုအကျိုးစီးပွား၊ ရာထူးအာဏာမက်တဲ့ တော်လှန်ရေးအပေါ်မှာမရိုးမသားနဲ့ ပေါင်းပင်မြက်ပင်များစွာလည်း ပေါက်ရောက်လို့နေပါတယ်။ ဒီတော့ ဥယျာဥ်မှူးက ရည်ရွယ်စိုက်ပျိုးနေတဲ့အပင်ကို ဘေးဖြစ်စေမယ့်၊ ဥယျာဥ်မှူးအတွက်ဘေးဖြစ်စေမယ့်
ပေါင်းပင်မြက်ပင်တွေကို ရှင်းလင်းနိုင်ဖို့လိုအပ်လာပါတယ်။ “ပေါင်းမြက်ရှင်းပါမှ သီးနှံအထွက်ကောင်း မည်”ဆိုသလို ပေါင်းမြက်လိုလက်နက်ကိုင်တပ်တွေ၊ တော်လှန်ရေးအင်အားစုတွေရှင်းပါမှ တော်လှန်သစ်ပင်ဟာ ကောင်းမွန်စွာရှင်သန်နိုင်မှာဖြစ်ပါတယ်။
အပင်ကိုပျိုး၊ မျိုးစေ့ချတဲ့ဥယျာဥ်မှူးပြည်သူတွေကိုယ်တိုင်ဟာလည်း ကိုယ်ပျိုးနေတဲ့ပင်အကြောင်းကို ကောင်းစွာနားလည်ဖို့လိုပါတယ်၊ ကိုယ့်အတွက်အကျိုးရှိတဲ့အပင်ကိုပျိုးဖို့လိုပါတယ်။ ဒီသစ်ပင်ကိုမလိုချင်လို့ ဒီအပင်ကိုပျိုးပါတယ်ဆိုပြီး တွေ့ကရာအပင်ကိုပျိုးလို့မရသလို တပါးသူတွေရဲ့ပြောဆိုအကြံပြုမှုနဲ့လည်း ပျိုးလို့ မရပြန်ပါဘူး။
ကိုယ်စိုက်မယ့်အပင်ဟာ ကိုယ့်ဆီက မြေဩဇာနဲ့အဆင်ပြေရဲ့လားဆိုတာ အရေးကြီးပါတယ်။ မြေချစိုက်ပျိုးပြီးရုံနဲ့လည်း ကိုယ့်တာဝန်ကျေပြီလို့ မယူဆကောင်းပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ရေလောင်းချိန် လောင်း၊ မြေဩဇာထည့်ချိန်ထည့် လုပ်ပေးဖို့လိုပါတယ်။ ရှင်သန်ကြီးထွားမှုကို အဟန့်အတားဖြစ်စေမယ့် ဘေးနားက မလိုအပ်တဲ့ ပေါင်းပင်တွေကို ခုတ်ထွင်ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။
အဖျက်ပိုးမကျလေအောင်လည်း ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ အချိန်ယူပြီး စိုက်ပျိုးဖို့လည်းလိုပါတယ်၊ အခုပျိုး အခုပဲ အသီးကိုစား အရွက်ကိုသုပ်ချင်လို့တော့ မရဘူး မဟုတ်လား။
ဒါမှသာလျှင် ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ ဖွံ့ဖွံ့ထွားထွားရှင်သန်ကြီးပြင်းလာမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် သစ်ပင်ဟာ အာဟာရဓာတ်ချို့တဲ့လို့တဖုံ၊ အဖျက်ပိုးတွေကကျလို့တမျိုး ကောင်းမွန်စွာ မရှင်သန်နိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။ အမြစ်မခိုင်ဘဲ ကလော်လဲသွားပါလိမ့်မယ်။ ပြင်းထန်တဲ့ လေပြင်း မုန်တိုင်းတွေနဲ့ ကြုံလာရတဲ့အခါ ကျိုးကျပျက်စီးသွားနိုင်ပါတယ်။
တကယ့်လက်တွေ့မှာတော့ အမြစ်တွယ်နေပြီဖြစ်တဲ့ စနစ်တစ်ခုကိုဖြိုတယ်ဆိုတာ သစ်ပင်တပင်ကို သတ်ရတာလောက်မလွယ်ဘူး၊ မမြန်ဘူးဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်ပါတယ်။
ဒါပေမယ့် စနစ်တခုကို တည်ဆောက်တယ်ဆိုတာကတော့ အပင်ပျိုးရသလိုပါပဲ။ နက်နဲသိမ်မွေ့တယ်။ နူးညံ့စွာ ကိုင်တွယ် စိုက်ပျိုးတတ်ဖို့လိုအပ်တယ်။ ပေါက်ချင်ရာပေါက် ရောက်ချင်ရာရောက်လွှတ်ထားလို့မရဘဲ ထိန်းသိမ်းပေးဖို့လဲ လိုပါတယ်။ အလျင်လိုလို့လည်း မရပြန်ပါဘူး။ အချိန်ယူပြီး ဂရုစိုက်ပျိုးထောင်ဖို့လိုအပ်ပါတယ်။
အခုချိန်မှာပြည်သူလူထုတွေပျိုးထောင်နေတဲ့အပင်တွေဟာ သန္ဓေမှန်တဲ့မျိုးစေ့တွေဖြစ်ရဲ့လား။ ဘယ်အပင်တွေဟာ တော်လှန်ရေးအတွက် ပေါင်းပင်မြက်ပင်တွေဖြစ်နေလဲ၊ ဒီလိုဆူးညှောင့်ခလုတ်အပင်တွေကို ဒီလိုပဲရှင်သန်ကြီးထွားခွင့် ပေးထားတော့မှာလား ဥယျာဥ်မှုးတွေမှာလုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း ရှင်းလင်းဖယ်ရှား ပစ်မလား ပြတ်ပြတ်သားသားလုပ်သင့်တဲ့အချိန် ရောက်နေပါပြီ။
ပေါင်းပင်မြက်ပင် ကလေးတွေကလဲ အပင်တွေပါပဲလို့ သနားညှာတာတဲ့စိတ်နဲ့ ရှင်သန်ကြီးထွားခွင့်မပေးထားသင့်ပါဘူး။ ဒီလိုလျစ်လျူရှုထားလိုက်ရင် အခုချိန်မှာပေါင်းပင်မြက်ပင်ကလေးတွဟာ နောင်တချိန်မှာ၊ နောက်မျိုးဆက်တွေအတွက်ပါ ဖုန်းဆိုးမြေက ကုက္ကိုပင်ကြီးလို လူတိုင်းကြောက်လန့်နေရတဲ့အပင်ကြီးတွေဖြစ်သွားပါလိမ့်မယ်။
ကိုယ်ပျိုးနေတဲ့အပင်သာ သန္ဓေမှန်တယ်ဆိုရင် တချိန်ချိန်မှာတော့ အဲဒီအပင်က အရိပ်အာဝါသနဲ့ အသီးအပွင့်တွေရဲ့အကျိုးကို ကိုယ်တိုင်ခံစားရမှာပါ။
ကိုယ်တိုင်မခံစားရလဲ နောက်မျိုးဆက်တွေအတွက် အရိပ်အာဝါသ ရကြပါစေ။
ချိုမြမြအသီးကိုစားကြရပါစေ။
ဝေဝေဆာဆာပန်းပွင့်ကလေးတွေကိုကြည့်ရင်း ကြည်နူးနိုင်ကြပါစေ။ ပန်ဆင်တင့်တယ်နိုင်ကြပါစေ။
ပန်းရနံ့များဆွတ်ပျံ့မွှေးကြူလျက် လန်းဆန်းချမ်းမြေ့နိုင်ကြပါစေ။
ယောနသံ