BREAKING
March 1, 2025

ပုလောမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ

March 1, 2025

ပုံစာ - ပုလောမြို့တွင်းတစ်နေရာအားတွေ့ရစဉ်(ပုံဟောင်း)

ပုလောမြို့ အမှတ် ၃ ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှသိရသည်။

အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဦးထွန်းမြင့်နှင့် အသက် ၄၁နှစ်အရွယ် သားဖြစ်သူ စာတိုက်စာရေးဦးဝင်းမင်းထွန်းကို ၎င်း၏နေအိမ်တွင်ပင် တော်လှန်ရေးတပ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) ပူးပေါင်းမဟာမိတ်တပ်များက ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူက စစ်ကောင်စီနှင့်ပူးပေါင်းကာ CDM များနှင့် မိသားစုဝင်နေအိမ်များကို လိုက်ပြခြင်း၊ ရပ်ကွက်အတွင်း လယ်ယာမြေများကို အိမ်ရာကွက်ဖော်ခြင်းများကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ထို့အပြင် လူငယ်များကို စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် သွတ်သွင်းခြင်းအပြင် စစ်မှုထမ်းစုဆောင်းနိုင်ရေးအတွက် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ လုပ်ဆောင်နေကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

“အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့သူပေါ့။ မြေကွက်ဖော်တာက ၂၀၂၄ နှစ်စကတည်းကလုပ်နေတာ။ သားကိုယ်တိုင်က စာတိုက်စာရေးလုပ်သလို မယက(မြို့နယ်အုပ်ချုပ်ရေး) ရုံးမှာ သူ့အဖေနဲ့အတူတူလုပ်နေတာမျိုးပါ” ဟု မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။

အုပ်ချုပ်ရေးမှူးဦးထွန်းမြင့်နှင့် သားဖြစ်သည့် ဦးဝင်းမင်းထွန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦးခန့်က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။