ပုလောမြို့နယ်၊ ကြဲရွာတွင် နေအိမ်ခဏပြန်ကာ ပစ္စည်းသွားယူသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ရှောင်နေရသည့် ကြဲရွာဒေသခံအချို့က ၎င်းတို့၏နေအိမ်များကိုပြန်သွားကာ ပစ္စည်းများသွားယူရာက စစ်ကောင်စီတပ်၏ ပစ်ခတ်မှု ခံရခြင်းဖြစ်ကြောင်း ကြဲရွာနေ ဒေသခံများက ဆိုသည်။
“တိုက်ပွဲလည်းမဖြစ်ဘူး။ ကြဲမှာက စကစက စိုးမိုးထားတယ်။ အဲတော့ ဒေသခံစစ်ရှောင်တချို့က သူတို့အိမ်က ပစ္စည်းလေးတွေ သွားယူတဲ့အချိန်မှာ စကစက သေနတ်နဲ့လိုက်ပစ်တာမျိုးပေါ့” ဟု ကြဲရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ဌေးမူ ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က အမျိုသမီးနှစ်ဦးကို ယင်းနေ့တွင်ပင် ဖမ်းဆီးခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
ကြဲရွာနေ ဒေသခံများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ လက်ရှိအချိန်အထိ စစ်ဘေးရှောင် ထွက်ပြေးနေကြရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းတပ်စွဲထားသည်။