BREAKING
March 1, 2025

ထိုင်းနိုင်ငံ ပါနန်ကမ်းခြေတွင် ထားဝယ်ဒေသခံ ကလေးတစ်ဦး ရေနစ်သေဆုံး

March 1, 2025

ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ ပါနန်ကမ်းခြေတွင် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းက အသက် ၁၁ နှစ် အရွယ် ထားဝယ်ဒေသခံ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ပါနန်ကမ်းခြေနေ ရွှေ့ပြောင်းမြန်မာလုပ်သားများထံက သိရသည် ။

သူငယ်ချင်းများနှင့်အတူ ကမ်းခြေချောင်းဝတွင် ရေသွားကူးစဥ် ရေနစ်ခဲ့ခြင်းဖြစ်သည် ။

” ကလေးတွေ ရေကူးတတ်ကြတယ် ။ သွားကူလေ့ရှိတယ် ။ အခုက ကလေးရေနစ်တဲ့အချိန်က ရေတက်ချိန်လည်းဖြစ်သွားတယ် ။ သူ့သူငယ်ချင်းတွေ လိုက်ဆွဲသေးတယ်။ ဆွဲ မမီဘဲနစ်သွားတာ ” ဟု ရေနစ် သေဆုံးသည့် ကလေးနှင့် နီးစပ်သည့် ကျောင်းသားမိဘတစ်ဦးကပြောသည် ။

ရေနစ်သေဆုံးသည့်ကလေးသည် ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊ ကနက်သီရီရွာဇာတိဖြစ်သူ မောင်ဘုန်းမြတ်ဦးဖြစ်ပြီး ပါနန်ကမ်းခြေတွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်ကာ ပုဂ္ဂလိကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသူ ဖြစ်သည် ။

ယင်းကလေးသည် ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီခန့်က ရေနစ်ကြောင်း သိရှိခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ရေငုပ်သမားများက ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီတွင် အလောင်းသာပြန်ဆယ်ယူရရှိခဲ့သည် ။

မောင်ဘုန်းမြတ်ဦး ၏ အသုဘအခမ်းအနားကို ပါနန်မြို့တွင် ပြုလုပ်ထားပြီး မတ်လ ၃ ရက်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။