BREAKING
February 1, 2025

ကမြောကင်းတံတားဖြတ်၍ စားသောက်ကုန်သယ်ယူခွင့် ပုံမှန်အတိုင်း ပြန်ခွင့်ပြု

February 1, 2025

ကမြောကင်းတံတားကို ဖြတ်သန်း၍ လောင်းလုံးမြို့နယ်သို့ စားသောက်ကုန် သယ်ယူဖြတ်သန်းခွင့်ကို ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ကမြောကင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် လောင်းလုံးမြို့နယ်သို့ စားသောက်ကုန်များ သယ်ယူရာတွင် စစ်ကောင်စီတပ်၏ ခွင့်ပြုသလောက်သာ သယ်ယူနေရပြီး တံတားဖွင့်ချိန်ကိုလည်း စစ်ကောင်စီက ကန့်သတ်ပြီး တင်းကျပ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ယင်းသို့တင်းကျပ်လိုက်ချိန် လောင်းလုံးဒေသအတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းနှင့် မြို့နယ်တစ်လျှောက် စျေးလိုက်ရောင်းသည့် စျေးသည်များ အလုပ်ရပ်နားထားရ၍ အခက်အခဲဖြစ် ကြရကြောင်း လောင်းလုံး ဒေသခံများကပြောသည်။

ထိုသို့ တင်းကျပ်ထားရာမှ ဇန်နဝါရီ ၃၁ ရက်နေ့ကစပြီး မူလအတိုင်း ပြန်လည်ခွင်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း လောင်းလုံး ဒေသခံ တစ်ဦးကပြောသည်။

“ဆန်၊ဆီ၊ကြက်သွန် အကုန်သယ်လို့ ရသွားပါပြီ ခရီးသည်တင်ကား တွေပေါ်မှာလည်း အများကြီးတင်လာတာ တွေ့တယ်” ဟု၎င်းလောင်းလုံး ဒေသခံက ပြောသည်။

ယင်းအပြင် နံနက်ပိုင်း တံတားဖွင့်ချိန်ကိုလည်း နံနက် ၆ နာရီခွဲအစား နာရီဝက်စော၍ နံနက် ၆ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ကမြောကင်းတံတားသည် ထားဝယ်မြို့မှ လောင်းလုံးမြို့ နယ်နှင့် ရေဖြူမြို့ နယ်များသို့ ကုန်စည်ကူး သန်းရန်အတွက် အရေးပါသည့် တံတားလည်းဖြစ်သည်။