BREAKING
February 1, 2025

AA ကို တိုက်ခိုက်မည့် ရိုဟင်ဂျာဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးက အထူးပြောက်ကျားစစ်သင်တန်းပေး

February 1, 2025

Photo - Northeast News

အာရက္ခတပ်တော် (AA) အား တန်ပြန်တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များကို ရွေးချယ်ကာ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က အထူးပြောက်ကျားစစ်ဆင်ရေးသင်တန်းပေးနေပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ရိုဟင်ဂျာကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ကော့ဘဇားရှိ ခရိုင်ခွဲတစ်ခုမှ 1W ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က ခေါ်ယူကျင်းပသည့် အဆိုပါအစည်းအဝေးကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) ၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇားခရိုင် ၊ ကုတူပလောင်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများကို ရွေးချယ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ(DGFI) က အထူးပြောက်ကျားစစ်ဆင်ရေးသင်တန်းပေးရန် ယင်းအစည်းအဝေးက စတင်ဆုံးဖြတ်ခဲ့ကြောင်း Northeast News က ဆိုသည်။​

အဆိုပါ အထူးပြောက်ကျားစစ်သင်တန်းတွင် လက်နက်ကိုင်တွယ်အသုံးပြုနည်းနှင့် ထောက်လှမ်းရေးသတင်းစုဆောင်းနည်းတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများဖြင့် အဆိုပါလက်ရွေးစင်ရိုဟင်ဂျာပြောက်ကျားတပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးမည် ဖြစ်သည်။

အဆိုပါအစည်းအဝေးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အာရက္ခတပ်တော်(AA) က မောင်တောမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ််းရေးအေဂျင်စီ(DGFI)က ပထမဆုံး ခေါ်ယူပြုလုပ်ခဲ့သည့် အစည်းအဝေးဖြစ်သည်ဟု သိရသည်။

ကော့ဘဇားခရိုင် ၊ ကုတူပလောင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၃ ခုမှ လက်ရွေးစင်ပြောက်ကျားစစ်သား ၇ ဦးစီ ရွေးချယ်ရန် ၊ အဆိုပါ ရွေးချယ်ထားသူများကို စုစည်း၍ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ(DGFI) နှင့် ဆက်ဆံမည့် ပင်မကော်မတီတစ်ခု ဖွဲ့စည်းရန်တို့မှာ ယင်းအစည်းအဝေးမှ အဓိကဆုံးဖြတ်ချက်များတွင် ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။

သင်တန်းတက်ထားသည့် ရိုဟင်ဂျာပြောက်ကျားစစ်သားများကို ဦးဆောင်ရန် Dil Mohammad ဆိုသူကို ရွေးချယ်ထားကြောင်းလည်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်တွင် အာရက္ခတပ်တော် (AA) အား ARSO အဖွဲ့နှင့် RSO အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ယင်းမှာ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က သင်တန်းပေးထားသည့် ရိုဟင်ဂျာပြောက်ကျားစစ်သားများ၏ ပထမဆုံးတိုက်ခိုက်မှု ဖြစ်ဟန်တူသည်ဟု Northeast News သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယလုံခြုံရေးအေဂျင်စီများမှ ရရှိထားသည့် သတင်းအချက်အလက်အရ အဆိုပါ တိုက်ပွဲတွင် အာရက္ခတပ်တော် (AA) မှ တပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးပြီး ၁၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သည်။

Source : Northeast News