BREAKING
April 11, 2025

မြိတ်မြို့ အဓိကလမ်းမများတွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့် စစ်ကောင်စီပိတ်ပင်

February 1, 2025

မြိတ်မြို့ပေါ်ရှိ အဓိကလမ်းမများတွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ပြီး လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောသည်။

မြိတ်မြို့အတွင်းရှိ လမ်းပိုင်းနေရာသုံးခုတွင် ဘေးတွဲမောင်းနှင်ခွင့် ပိတ်ပင်လာြခင်းဖြစ်သည်။

ဘေးတွဲ ဆိုင်ကယ်မောင်းခွင့် ကန့်သတ်ကြောင်းကြေညာသည့် ဗီနိုင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စည်ပင်ဝန်ထမ်းများက ဇန်နဝါရီလ ၂၉ရက်တွင် မြို့တွင်း လိုက်လံကပ်ထားကြောင်း မြို့ခံများက ဆိုသည်။

ဂေါက်ကွင်းမီးပွိုင့်မှ ကန်ဖျားလမ်းမကြီးတစ်လျှောက် နာရီစင်လမ်းဆုံအထိ၊ ပိတောက်ပင်လမ်းဆုံ အရာရှိရိပ်သာလမ်းမှ ဗိုလ်ချုပ်ကြေးရုပ်အထိ၊ ကန်ဖျားမီးပွိုင့်မှ မြေနီလမ်းဆုံမီးပွိုင့်အထိ ဘေးတွဲဆိုင်ကယ်မောင်းခွင့် ပိတ်ပင်ခြင်းဖြစ်သည်။

ထိုသို့ကန့်သတ်ထားသည့် လမ်းတစ်လျှောက်တွင် သွားလာနေသည့် ဘေးတွဲဆိုင်ကယ်များကို ယနေ့ ဇန်နဝါရီလ ၃၁ရက် တွင် လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ် ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲ၊ ရဲနှင့် စစ်ကောင်စီတပ်သားများ ပါဝင်သော်လည်း အများစုမှာ ပျူစောထီးများ ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

“ဘာကြောင့် ကန့်သတ်မှန်း မသိဘူးပေါ့။ ဘေးတွဲမောင်းတဲ့သူတွေတော့ တော်တော်ဒုက္ခရောက်နိုင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ပိတ်ပင်လိုက်သည့်လမ်းပိုင်းတွင် စစ်ကောင်စီအရာရှိကားများ သွားလာတတ်သည့်အတွက် လုံခြုံရေးအတွက် ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်း မြိတ်မြို့ခံ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါလမ်းများတွင် ဆိုင်ကယ်စီးခွင့်ပြုထားသေးသော်လည်း အမျိုးသားနှစ်ဦးအတူစီးနင်းခွင့်ကိုမူ ပိတ်ပင် တားမြစ်ထားသည်။

မြိတ်မြို့တွင် ဆိုင်ကယ်ဖမ်းဆီးမှုများလည်း နေ့စဉ်နီးပါးရှိနေပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေးတောင်းခံနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဖမ်းပြီဆိုရင်လည်း တစ်ခုမဟုတ်တစ်ခုရစ်ပြီး ပိုက်ဆံတောင်းတယ်။ တောင်းတာကတော့ ဆိုင်ကယ်အမျိုးအစား အပေါ်မူတည်ပြီး အနိမ့်ဆုံး (ကျပ်) သုံးသောင်းကနေ တစ်သိန်းခွဲလောက်အထိတောင်းကြတာ” ဟု ၎င်းက ပြောသည်။

ဂေါက်ကွင်းမီးပွိုင့်မှ ကန်ဖျားလမ်းမကြီးတစ်လျှောက် နာရီစင်လမ်းဆုံအထိတွင် စစ်ကောင်စီဆေးတပ်၊ လေတပ်နှင့် စစ်သားစုဆောင်းရေးရုံး၊ ဆောက်လုပ်ရေးအိမ်ရာဝင်း၊ စည်ပင်၊ အခွန်ရုံး၊ ကညနရုံး၊ စီးပွားရေးဘဏ်နှင့် စစ်ကောင်စီတပ်က တပ်သားများ ဈေးဝယ်ထွက်လေ့ရှိသည့် ဆိပ်ငယ်ဈေးတို့ရှိသည်။

ပိတောက်ပင်လမ်းဆုံ အရာရှိရိပ်သာလမ်းမှ ဗိုလ်ချုပ်ကြေးရုပ်အထိ လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့မိသားစုများနေသည့် ရဲဝင်း၊ အမှတ် (၂) သတ္တုရုံးနှင့် မြိတ်အကျဉ်းထောင်တို့ ရှိသည်။

ကန်ဖျားမီးပွိုင့်မှ မြေနီလမ်းဆုံမီးပွိုင့်အထိတွင် မြိတ်လေဆိပ်မှ မြို့ထဲသို့ဝင်သည့် လမ်းရှိသည်။

မြိတ်မြို့သည် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တည်ရှိသည့် မြို့ဖြစ်သည်။