BREAKING
February 1, 2025

ကမ်းရိုးတန်းတိုင်းစစ်တိုင်းမှူး အပြောင်းအလဲလုပ်

February 1, 2025

ဓာတ်ပုံ-AFP

အာဏာသိမ်း စစ်ခေါင်းဆောင်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)၏ စစ်တိုင်းမှူး နေရာကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အပြောင်းအလဲလုပ်လိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ရေးသတင်းအရင်းမြစ်၏ အဆိုအရ ကမ်းရိုးတန်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန်ဖြင့် အစားထိုးခန့်အပ်လိုက်ကြောင်း စစ်သက် နှစ် ၂၀ နီးပါးရှိသည့် CDM ဗိုလ်ကြီးဇင်ယော်ကလည်း Dawei Watch ကိုပြောဆိုသည်။

၎င်းသည် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်မဖြစ်မီက ပဲခူးမြို့အခြေစိုက် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကရခ စစ်တိုင်းမှူး အပြောင်းအလဲလုပ်လိုက်သည့်အတွက် စစ်ကောင်စီတပ်၏ နည်းဗျူဟာ ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“ဗျူဟာအသစ်တွေ အကွက်အသစ်တွေပေါ့နော်။ သူတို့ရဲ့နည်းဗျူဟာအသစ်တွေ တစ်ယောက်နဲ့တစ်ယောက် မူဝါဒချင်းမတူကြဘူးပေါ့နော်။ အဲလိုအပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် စစ်ဦးစီးတက္ကသိုလ်(သင်တန်းကျောင်း)တွင် ကျောင်းအုပ်လုပ်ခဲ့သူဖြစ်သည့်အတွက် တော်လှန်ရေး တပ်များကို ရင်ဆိုင်ရာတွင် အားနည်းချက်များလည်း ရှိလာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“သမားရိုးကျ အခြေခံသဘောတရားတွေနဲ့ သူတို့ကတိုင်းတာပြီးတော့ လုပ်လေ့လုပ်ထရှိတယ်။ဒါပေမဲ့ မြေပြင်နဲ့ စာအုပ်နဲ့က မြေပြင်နဲ့ သင်ခန်းစာနဲ့က ကွဲလွဲမှုတွေရှိတယ်”ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် ၅ ဦးအထိ အပြောင်းအလဲလုပ်ခဲ့သည်။

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှာ မြိတ်မြို့တွင် အခြေစိုက်ပြီး ၎င်းလက်အောက်ခံတပ်ရင်းများ၊ လက်ရုံးတပ်များကို ကြီးကြပ်ကွပ်ကဲရသလို ၎င်း၏အထက်မှပေးသည့် အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။

လက်ရှိတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းအတွင်းရှိ နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်ကမူ ခရိုင်နှင့်မြို့နယ် မြို့ကြီးများ၊ တံတားကြီးများ၊ စစ်စခန်းများနှင့် တပ်ရင်းတပ်ဖွဲ့ရှိသည့်ဒေသများကိုသာ ထိန်းချုပ်ထားနိုင်သည်။