စစ်အာဏာသိမ်း ၃ နှစ်ပြည့်လာသော်လည်း ပြည်သူများ မမေ့သေးဘဲ ဆက်လက်တော်လှန်နေသည်ကို ပြသသည့်အနေဖြင့် ဘန်ကောက်ရှိ မြန်မာအလုပ်သမားများက ယနေ့ နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒထုတ်ဖော်မှုကို ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
ယနေ့နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ ကုလသမဂ္ဂအဖွဲ့ (UN) ရုံးရှေ့တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မြန်မာနိုင်ငံသားများ ပူးပေါင်းဆန္ဒပြနေခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက် စစ်တပ်အလိုမရှိ” “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” “တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” စသော စာသားများပါသော ဗန်ပါများ၊ အင်္ကျီများကို ဝတ်ဆင်ကာ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် ဆန္ဒပြနေခြင်းဖြစ်သည်။











စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံများ၊ သံချပ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သွေးသစ္စာသီချင်းစသော တော်လှန်ရေးသီချင်းများကိုလည်း သီဆိုခဲ့ကြသည်။
ဆန္ဒပြပွဲတွင် စစ်ကောင်စီမှ ဖြိုခွင်းမှုများ၊ ဖိနှိပ်မှုများကိုလည်း သရုပ်ပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
“စစ်အာဏာရှင်ကို တော်လှန်နေတာ ထိုင်းရောက်မြန်မာတွေက မမေ့သေးဘူးဆိုတာ ပြသရမယ်။ ငါတို့မှာ ဒီအင်အားနဲ့ပဲ တတ်နိုင်သလောက် တော်လှန်ရနိုင်ရမယ်။ ဒါမာရသွန်ခရီးပဲ” ဟု ဘန်ဘော်ရှိ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံအတွင်းတွင်လည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နံနက် ၁၀ နာရီမှ နေ့လယ် ၄ နာရီအထိ တိတ်ဆိတ်မှုကို ပြသသော Silent Strike (အသံတိတ်သပိတ်)ကို ဆင်နွဲနေကြသည်။
ညနေ ၄ နာရီအချိန်တွင် မြန်မာသံရုံးရှေ့တွင်လည်း လက်ဖက်ရည်သပိတ် (Milk Tea 4 Peace) ကို ထိုင်းနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။